တာချီလိတ်တွင် တရုတ်အွန်လိုင်းလုပ်ငန်းက ဝန်ထမ်းများကို လစာမပေးဘဲ အတင်းအဓမ္မ ခိုင်းစေနေ

တာချီလိတ်တွင် တရုတ်အွန်လိုင်းလုပ်ငန်းက ဝန်ထမ်းများကို လစာမပေးဘဲ အတင်းအဓမ္မ ခိုင်းစေနေ
ဇူလိုင် 31, 2023 | ရှမ်းရှေ့

 ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့  ခမရ(၃၃၁) စစ်တပ်အနီးရှိ ဟုန်ပန်းဝင်းအတွင်းမှ တရုတ်အွန်လိုင်းလုပ်ငန်းတစ်ခုက ဝန်ထမ်း(၄၀)ကျော်ကို လစာအကျေ မပေးချေဘဲ အလုပ်မှ ထုတ်ပစ်လိုက်သည့်အပြင် လက်ရှိဝန်ထမ်းများမှာလည်း ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ(၃၁)ရက်နေ့အထိ လစာမရ ဖြစ်နေကြောင်း သိရသည်။

 ဟုန်ပန်းဝင်းအတွင်းရှိ ပေါက်လုံးရုံး (ခြောက်ထပ်ရုံး) ဟုခေါ်ကြသည့် နေရာတွင် အင်္ဂလိပ်အွန်လိုင်းခေါ် အွန်လိုင်းငွေကြေးလိမ်လည်သည့်လုပ်ငန်းကို ဝန်ထမ်း (၂၀၀)ကျော်ဖြင့် လုပ်ကိုင်နေပြီး ယင်းတို့အနက်မှ ဝန်ထမ်း (၄၀)ကျော်ကို ၂၀၂၃ ခုနှစ် ဇွန်လ (၁)ရက်နေ့တွင် အလုပ်ထုတ်လိုက်ကြောင်း သိရသည်။

အလုပ်ထုတ်ခံရသည့် ဝန်ထမ်းများအား ပေးချေရမည့် လစာငွေများကို  ဇူလိုင်လ (၂၀)ရက်နေ့တွင် လာရောက်ထုတ်ယူကြရန် ကုမ္ပဏီဘက်က ချိန်းဆိုခဲ့ပြီးနောက် လစာပေးမည့်ရက်ကို ဇူလိုင်လ (၂၀)ရက်နေ့မှ (၃)ကြိမ်တိုင်တိုင်ရွှေ့ဆိုင်းခဲ့ကာ လက်ရှိအချိန်ထိ ပေးချေခြင်း မရှိသေးကြောင်း ဝန်ထမ်းအချို့က Tachileik News Agency သို့ ပြောသည်။

ယင်းအပြင် လုပ်ငန်းထဲတွင် ရှိနေဆဲဝန်ထမ်းများမှာလည်း လစာမရကြဘဲ ခြိမ်းခြောက်ခံရမှုများလည်းရှိနေသည်ဟု သိရသည်။

အဆိုပါလုပ်ငန်းတွင် လုပ်ကိုင်ကြသူအများစုမှာ တာချီလိတ်နယ်အချို့ ပါဝင်သည်များရှိသော်လည်း အများစုမှာ နယ်ခံများမဟုတ်ကြဘဲ တာချီလိတ်မြို့ကို အထင်ကြီးပြီး ဒေသအသီးသီးမှ လာရောက်လုပ်ကိုင်ကြသူများ ဖြစ်ကြောင်း သိရသည်။

တာချီလိတ်တွင် အွန်လိုင်းမှငွေကြေးလိမ်လည်သည့်လုပ်ငန်းများဖြစ်ကြသည့် အင်္ဂလိပ်အွန်လိုင်း၊ မြန်မာအွန်လိုင်းလုပ်ငန်းများက လစာကောင်း အလုပ်အကိုင်ခေါ်သည့် ကြေငြာများဖြင့် လူစုဆောင်းလေ့ရှိပြီး လူငယ်အများအပြား အလုပ်အကိုင်ရှားပါးမှုကြောင့် ဝင်ရောက်လုပ်ကိုင်မှု များပြားသည်ကို တွေ့ရသော်လည်း လက်တွေ့သည် လုပ်ငန်းဝင်ပြီးနောက် ရုန်းထွက်ရန် အခက်အခဲများနှင့်ပင် ရင်ဆိုင်ရကြောင်း သိရသည်။

တာချီလိတ်မြို့တွင် တရုတ်နိုင်ငံသားများ လုပ်ကိုင်နေသည့် အွန်လိုင်းလုပ်ငန်းများတွင် အတင်းအဓမ္မ စေခိုင်းခံရမှုများ ၎င်းတို့ သတ်မှတ်ထားသည့် နှုန်းထားသည့် မရောက်ပါက ဒဏ်ခတ်သည့်အနေဖြင့် အစာမကျွေးခြင်း၊ ကျင်စက်ဖြင့် တို့ခြင်း စသည့် နည်းလမ်းများစွာလည်း လုပ်ဆောင်သည့်အတွက် အချို့မှာ ထွက်ပြေးမှုများရှိရာတွင် ထွက်ပြေးသွားသူများကိုလည်း လုပ်ငန်းတွင်းမှ ခိုးယူမှုများ လုပ်ဆောင်သည်ဟုဆိုကာ ပုံများနှင့်တကွ ဖြန့်ဝေခြင်း အွန်လိုင်းပေါ်တွင် လိမ်လည်ဖြန့်ဝေခြင်းများပါ လုပ်ဆောင်ခံရကြောင်း လက်တွေ့ ခံစားခံရသူများထံက သိရသည်။

နယ်စပ်ဒေသ တာချီလိတ်မြို့၌ တရုတ်အွန်လိုင်းလုပ်ငန်းများတွင် လုပ်ကိုင်ကြသည့် လူငယ်များ မတရားပြုကျင့်ခံရမှုများနှင့်ပတ်သက်၍  စစ်ဘက်နှင့်အုပ်ချုပ်ရေး အပါအဝင်  လူကုန်တားရဲတပ်ဖွဲ့ နှင့် အလုပ်သမားရေးရာဌာနတို့မှာလည်း မျက်ကွယ်ပြုထား၍ ၎င်းတို့သည် အတင့်ရဲနေလျှက်ရှိသည်ဟု ဒေသခံများက ဆိုသည်။