တရုတ်နိုင်ငံ မြောက်ပိုင်းတွင် ကျင်းပသည့် ရော့ခ်ဂီတဖျော်ဖြေပွဲတစ်ခုအတွင်း သီဆိုဖျော်ဖြေနေစဥ် ၎င်း၏ ဘောင်းဘီကို ချွတ်ချခဲ့သည့် အဆိုတော်တစ်ဦးကို အာဏာပိုင်များက ထိန်းသိမ်းလိုက်ကြောင်း သိရသည်။
ယခုဖြစ်ရပ်က လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အလွန်အမင်း ကန့်သတ်ထားသည့် တရုတ်နိုင်ငံတွင် ထိပ်တန်းအနုပညာရှင်များ ကြုံတွေ့ရသည့် ဖိနှိပ်ချုပ်ခြယ်မှုကို မီးမောင်းထိုးပြနေသည်။
Shijiazhuang မြို့ ဒေသဆိုင်ရာ ယဥ်ကျေးမှုဌာနကမူ မျိုးရိုးအမည် Ding ဟု သိရှိရသည့် အဆိုတော်ကို လူမှုအကျင့်စာရိတ္တ ပျက်စီးစေမှုအတွက် ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ကြောင်း ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၄) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ထို့အပြင် ဂီတဖျော်ဖြေပွဲ စီစဥ်သူကိုလည်း အမေရိကန်ဒေါ်လာ (၂၈,၀၀၀) ဒဏ်ရိုက်ခဲ့ပြီး ဂီတဖျော်ဖြေပွဲများ စီစဥ်ကျင်းပခွင့်ကိုပါ ဆိုင်းငံ့ခဲ့ကြောင်း ယဥ်ကျေးမှုဌာန၏ ထုတ်ပြန်ချက်တွင် ပြောထားသည်။
ဆိုရှယ်မီဒီယာတွင် တင်ထားသည့် ဗီဒီယိုများအရ ဇူလိုင်လ (၂၂) ရက်နေ့က Shijiazhuang မြို့တွင် ကျင်းပခဲ့သော Rock Home Town ဂီတဖျော်ဖြေပွဲတွင် သီဆိုဖျော်ဖြေမှုအတွင်း Violent Champagne တီးဝိုင်းအဖွဲ့၏ အဆိုတော်က ၎င်း၏ ဘောင်းဘီတိုကို ချွတ်ချခဲ့သည်ကို တွေ့ရသည်။
ဗီဒီယိုတွင် ပရိသတ်များက "ဘောင်းဘီတွေချွတ်ချ" ဟု သံပြိုင်အော်ဟစ်သံကိုလည်း ကြားရသည်။
အဆိုတော်က ဘောင်းဘီတိုကို အောက်သို့ဆွဲပြီး ချွတ်ချခဲ့သော်လည်း အတွင်းခံဘောင်းဘီ ဝတ်ဆင်ထားသည်ကို ဗီဒီယိုတွင် တွေ့ရကြောင်း CNN သတင်းက ဖော်ပြထားသည်။
တရုတ်နိုင်ငံတွင် COVID-19 ကပ်ရောဂါကြောင့် နှစ်နှင့်ချီကြာ lockdown လုပ်ထားခဲ့ပြီးနောက် မကြာသေးမီက ဂီတဖျော်ဖြေပွဲများ ပြန်လည်ကျင်းပခွင့်ပြုခဲ့ရာ ဂီတချစ်သူများက ကြိုဆိုခဲ့ကြသည်။
သို့သော် Shijiazhuang မြို့ ဖြစ်ရပ်အရ အာဏာပိုင်များက ၎င်းတို့ လက်မခံသော နိုင်ငံရေး သို့မဟုတ် ကျင့်ဝတ်ဆိုင်ရာနှင့် ပတ်သက်၍ အနီးကပ် စောင့်ကြည့်ပြီး အရေးယူဆောင်ရွက်နေကြောင်း မြင်သာစေခဲ့သည်။
Source: CNN