ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့များ လွတ်လပ်စွာ စုံညီအစည်းအဝေး မကျင်းပနိုင်ဘဲ သဘောထား ဆုံးဖြတ်ချက်ချနိုင်မည်မဟုတ်ဟု NLDထုတ်ပြန်

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့များ လွတ်လပ်စွာ စုံညီအစည်းအဝေး မကျင်းပနိုင်ဘဲ သဘောထား ဆုံးဖြတ်ချက်ချနိုင်မည်မဟုတ်ဟု NLDထုတ်ပြန်
ဇူလိုင် 14, 2023 | 2021 Military Coup

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့များ လွတ်လပ်စွာ စုံညီအစည်းအဝေးမကျင်းပနိုင်ဘဲ မည်သည့်သဘောထားများ၊ ဆုံးဖြတ်ချက်များ ချမှတ်နိုင်မည်မဟုတ်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၄)ရက်နေ့တွင် ထုတ်ပြန်လာသည်။

ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားဆိုသော ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်များသည် ကာယကံရှင်ကိုယ်တိုင်နှင့် လွတ်လပ်စွာ ပူးတွဲပြောကြားနိုင်သော အခြေအနေမဟုတ်သည့်အတွက် စကားရပ်တိုင်းသည် စစ်မှန်သည်ဟု ယူဆရန် သံသယရှိသည်ဟုလည်း ဖော်ပြထားသည်။

ထုတ်ပြန်ချက်တွင် မတရားဖမ်းဆီးခံရစဥ်ကာလတွင် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားများဖြစ်သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့များ လွတ်လပ်စွာ စုံညီအစည်းအဝေး မကျင်းပနိုင်ဘဲ သူမ အနေဖြင့် မည်သည့်သဘောထားများ၊ ဆုံးဖြတ်ချက်များ ချမှတ်နိုင်မည်မဟုတ်ကြောင်း၊ ပြည်သူလူထုကိုသာ အခြေခံပြီး ပြည်သူလူထု၏ ဆန္ဒသ‌‌ဘောထားကို မည်သည့်အခါမှ ဆန့်ကျင်မည်မဟုတ်ပါ ဟူသော အချက်များနှင့် ကွဲလွဲနေသည်ဟု ထုတ်ပြန်ထားသည်။

ထို့ကြောင့် မြန်မာ့နိုင်ငံရေးပြဿနာများ ပြေလည်ရေးလမ်းစအဖြစ် အရေးပါလှသော ဒေါ်အောင်ဆန်းစုကြည်၏ ဆန္ဒသဘောထားကို ပြည်သူလူထုထံသို့ လွတ်လပ်စွာတင်ပြနိုင်ရန် အာဆီယံ ခေါင်းဆောင်များအနေဖြင့် အာဆီယံ ဘုံသဘောတူညီချက်(၅)ရပ်နှင့်အညီ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဥ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်၍ လွတ်လပ်စွာ သဘောထားအမြင်ဖော်ထုတ်နိုင်မှုကို အားစိုက်လုပ်ဆောင်သင့်သည်ဟုလည်း တိုက်တွန်းထားသည်။

၂၀၂၃ ခုနှစ် ဇူလိုင် (၁၁)ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၌ ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွတ်ဝီနိုင်းက ဒေါ်အောင်ဆန်းစုကြည်အား ဇူလိုင်လ (၉)ရက်နေ့တွင် စစ်ကောင်စီ၏ သဘောတူညီချက်ရယူကာ သွားရောက်တွေ့ဆုံခဲ့သည်ဟု ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency