ရုရှားစစ်ဗိုလ်ချုပ်များကို ဖြုတ်ချပစ်မည်ဟု ကြုံးဝါးလိုက်ပြီး မော်စကိုမြို့တော်ကို ရောက်လုနီးပါးအထိ ချီတက်လာခဲ့ပြီး ရုရှားသမ္မတ ပူတင်ကို အထိတ်တလန့်ဖြစ်သွားစေရန် လုပ်ဆောင်ခဲ့သူမှာ ဝါဂနာ ကြေးစားတပ်ဖွဲ့၏ ခေါင်းဆောင် ပရီဂိုရှင် ဖြစ်သည်။
ပရီဂိုရှင်က ဝါဂနာ ကိုယ်ပိုင်ကြေးစားတပ်ဖွဲ့ကို တည်ထောင်ခဲ့သူ ဖြစ်ပြီး ၎င်း၏ လုပ်ရပ်သည် တခဏလေးအတွင်း ကမ္ဘာတဝန်း ဟိုးလေးတကြော် ဖြစ်သွားစေခဲ့သည်မှာ အမှန်ဖြစ်သည်။
၎င်း၏တပ်ဖွဲ့က ရုရှားနိုင်ငံ၏ မြို့ (၂)မြို့ရှိ စစ်စခန်းများကို ထိန်းချုပ်ထားကြောင်း ပြောဆိုပြီးနောက် မော်စကိုသို့ ၂၀၂၃ခုနှစ် ဇွန်လ(၂၃)ရက်နေ့က ချီတက်လာပြီး မော်စကိုမြို့တော်သို့ ရောက်လုနီးပါး ကီလိုမီတာ (၂၀၀) အတွင်းသို့ ရောက်ရှိလာပြီးနောက် ဇွန်လ(၂၄)ရက်နေ့ ညပိုင်းမှာပင် နောက်ပြန်ဆုတ်သွားခဲ့ခြင်း လည်းဖြစ်သည်။
ပရီဂိုရှင်မှာ တစ်ချိန်က ရုရှားသမ္မတပူတင်၏ အနီးကပ် မဟာမိတ်တစ်ဦးဖြစ်ခဲ့သော်လည်း ယခုအခါတွင်မူ ပူတင်က လက်နက်ကိုင် ပုန်ကန်မှုတွင် ပါဝင်သူများကို ချေမှုန်းသွားမည်ဟု ကြုံးဝါးထားသည်။
ပုံမှန်အားဖြင့် နောက်ကွယ်တွင်နေ၍သာ လုပ်ကိုင်လိုသူ ပရီဂိုရှင်နှင့် ၎င်း၏ တိုက်ခိုက်ရေးသမားများမှာ ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲရာတွင် တိုက်ပွဲအများအပြား၌ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့ကြသည်။
ပူတင်နှင့် ပရီဂိုရှင်တို့ (၂) ဦးလုံးမှာ စိန့်ပီတာစဘတ်မြို့တွင် မွေးဖွားခဲ့ကြသူများ ဖြစ်ပြီး ၎င်းတို့ (၂) ဦးက ၁၉၉၀ ပြည့်လွန်နှစ်များကတည်းက တစ်ဦးနှင့်တစ်ဦး သိကျွမ်းခဲ့ကြသည်။
ပရီဂိုရှင်မှာ အကျိုးအမြတ်များသော ရုရှားအစိုးရထံမှ အခမ်းအနားများတွင် ဧည့်ခံကျွေးမွေးရေး ကန်ထရိုက်များ ရရှိခဲ့ခြင်းဖြင့် ချမ်းသာကြွယ်ဝလာခဲ့ပြီး ၎င်းကို "ပူတင့် စားဖိုမှူး" "Putin's chef" ဟု နာမည်ပေးထားကြသည်။
၂၀၁၄ ခုနှစ်တွင် ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသ၌ ရုရှားကျောထောက်နောက်ခံပြု ခွဲထွက်ရေးသမားများ လှုပ်ရှားမှု၏ နောက်ဆက်တွဲ ကာလအတွင်း ပရီဂိုရှင်က ရက်စက်သည့် စစ်ဘုရင်တစ်ဦးအသွင် ပြောင်းလဲလာခဲ့သည်။
ပရီဂိုရှင်က ဝါဂနာတပ်ဖွဲ့ကို နောက်ကွယ်မှ လှုပ်ရှားသည့် ကြေးစားတပ်ဖွဲ့အဖြစ် တည်ထောင်ခဲ့ပြီး ယူကရိန်းနှင့် ရုရှားကျောထောက်ခံပြု အရေးကိစ္စများအတွက် တိုက်ခိုက်ခဲ့သည်။
ဝါဂနာ ကြေးစားတပ်ဖွဲ့က ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ ဆူဒန်၊ လစ်ဗျား၊ မိုဇမ်ဘစ်၊ ယူကရိန်းနှင့် ဆီးရီးယားတို့တွင် လှုပ်ရှားမှုများရှိခဲ့ကြောင်း CNN သတင်းဌာနက စုံစမ်းသိရှိခဲ့သည်။
နှစ်များကြာလာသည်နှင့်အမျှ ဝါဂနာ ကြေးစားတပ်ဖွဲ့မှာ ထိတ်လန့်စက်ဆုပ်စရာ နာမည်ကျော်ဇောလာခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဆက်စပ်နေခဲ့သည်။
ဝါဂနာ ကြေးစားတပ်ဖွဲ့က ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲရာတွင် ရုရှားအတွက် အဓိက တိုက်ပွဲများကို ပါဝင်တိုက်ခိုက်ပေးခဲ့သော်လည်း ယူကရိန်းတွင် ဝါဂနာ တိုက်ခိုက်ရေးသမားများ အပါအဝင် ရုရှားဘက်မှ အကျအဆုံး များပြားလာခဲ့ပြီးနောက် ပရီဂိုရှင် ရုရှားစစ်တပ်ခေါင်းဆောင် စစ်ဗိုလ်ချုပ်များကို ဗြောင်ကျကျ ဝေဖန်ပြောဆိုသူတစ်ဦး ဖြစ်လာခဲ့သည်။
ထို့နောက် ရုရှားစစ်ဗိုလ်ချုပ်များနှင့် ပရီဂိုရှင်တို့ကြား ရန်ငြိုးဖွဲ့မှုများ ရှိလာခဲ့ရာမှ ယခုအခါ ဝါဂနာ ကြေးစားတပ်ဖွဲ့က မော်စကိုသို့ ချီတက်ပြီး စစ်ဗိုလ်ချုပ်များကို ဖြုတ်ချပစ်ရန် လုပ်ဆောင်လာခဲ့သည်။
ရုရှားသမ္မတပူတင်ကလည်း ဝါဂနာ၏ လုပ်ရပ်များကို နိုင်ငံတော်သစ္စာဖောက်မှုအဖြစ် ပြောဆိုခဲ့ပြီး လက်နက်ကိုင် ပုန်ကန်သူများကို ချေမှုန်းသွားမည်ဟု ကြုံးဝါးထားသည်။
"ဒါက ကျုပ်တို့နိုင်ငံတော်နဲ့ ပြည်သူတွေကို နောက်ကျောကို ဓားနဲ့ထိုးတာပဲ" ဟု ပူတင်က ပြောဆိုခဲ့သည်။
ဝါဂနာ ကြေးစားတပ်ဖွဲ့ ခေါင်းဆောင် ပရီဂိုရှင်ကလည်း "ပူတင် အကြီးအကျယ် မှားနေပြီ" Telegram တွင် တုံ့ပြန်ခဲ့သည်။
"ကျုပ်တို့က ကျုပ်တို့အမိမြေရဲ့ မျိုးချစ်စစ်သည်တော်တွေပဲ။ ကျုပ်တို့ တိုက်ခိုက်ခဲ့တယ်။ တိုက်ခိုက်နေတယ်" ဟု ပရီဂိုရှင်က အသံမက်ဆေ့ချ်တွင် ပြောထားသည်။
ဝါဂနာ ကြေးစားတပ်ဖွဲ့၏ လုပ်ရပ်များကို ကမ္ဘာတဝန်းလုံးက စောင့်ကြည့်နေချိန်မှာပင် ဝါဂနာ တိုက်ခိုက်ရေးသမားများက မော်စကိုမြို့တော်မှ (၁၂၅) မိုင်အကွာတွင် ရောက်ရှိနေခဲ့ကြပြီးနောက် သွေးမြေမကျလို၍ဟုဆိုကာ ဇွန်လ(၂၄)ရက်နေ့က ရုတ်တရက် နောက်ပြန်လှည့်သွားကြခြင်းလည်း ဖြစ်သည်။
Source: CNN