ဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် ရုရှား၏ ရေနံနှင့်ဓာတ်ငွေ့ ဝင်ငွေ (၄၀) ရာခိုင်နှုန်းနီးပါး ကျဆင်းသွား 

[ Photo: DW ]
[ Photo: DW ]
ဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် ရုရှား၏ ရေနံနှင့်ဓာတ်ငွေ့ ဝင်ငွေ (၄၀) ရာခိုင်နှုန်းနီးပါး ကျဆင်းသွား 
By Mr John

 

ရေနံဈေးနှုန်းသတ်မှတ်မှုနှင့် အနောက်အုပ်စု နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုများက ရုရှား၏ အကျိုးအမြတ်အများဆုံး ပြည်ပတင်ပို့မှုကို ထိခိုက်စေခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း ရုရှားအတွက် ရေနံနှင့်ဓာတ်ငွေ့ တင်ပို့မှုများမှ ဝင်ငွေရရှိမှု (၄၀) ရာခိုင်နှုန်းနီးပါး ကျဆင်းသွားခဲ့ကြောင်း နိုင်ငံတကာစွမ်းအင်အေဂျင်စီ International Energy Agency (IEA) က ၂၀၂၃ခုနှစ် ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့တွင် ပြောသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ရုရှား၏ ရေနံနှင့် ဓာတ်ငွေ့ ပြည်ပတင်ပို့မှုဝင်ငွေမှာ အမေရိကန်ဒေါ်လာ (၁၈.၅) ဘီလီယံရှိခဲ့ပြီး ထိုဝင်ငွေပမာဏမှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ဒေါ်လာ (၃၀) ဘီလီယံ ရရှိခဲ့မှုနှင့် နှိုင်းယှဥ်ပါက (၃၈) ရာခိုင်နှုန်း လျော့နည်းသွားခြင်း ဖြစ်သည်။ 

ရေနံဈေးကွက် တည်ငြိမ်စေရန်နှင့် ရုရှား၏ ရေနံနှင့် ဓာတ်ငွေ့ ပြည်ပတင်ပို့မှုများမှ ဝင်ငွေကို လျှော့ချရန် ရည်ရွယ်ထားသည့် အနောက်အုပ်စု၏ ရုရှားစွမ်းအင် ပြည်ပတင်ပို့မှုများကို ပစ်မှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများ အောင်မြင်မှုရရှိခဲ့ကြောင်း IEA အမှုဆောင်ဒါရိုက်တာ Fatih Birol က ဆိုသည်။

"ရုရှားရဲ့ ရေနံနဲ့ဓာတ်ငွေ့ ဝင်ငွေက လာမယ့် လတွေမှာ ပိုမိုကျဆင်းသွားမယ်လို့ ကျွန်တော်တို့ ခန့်မှန်းထားပါတယ်။ နည်းပညာနဲ့ ရင်းနှီးမြှုပ်နှံမှု မရရှိတာကြောင့် နှစ်လယ်ပိုင်းမှာ ပိုပြီးတော့တောင် ဝင်ငွေကျဆင်းနိုင်ပါတယ်" ဟု Birol က Reuters သတင်းဌာနကို ပြောသည်။ 

ယူကရိန်းနိုင်ငံကို ကျူးကျော်စစ်ဆင်နွှဲခဲ့မှုအပေါ် တုံ့ပြန်အရေးယူမှုအဖြစ် နိုင်ငံတကာက ရုရှားကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။

အဆိုပါ ဒဏ်ခတ်ပိတ်ဆို့မှုများအနက် G7 (Group of Seven) နိုင်ငံများက ရေနံတစ်စည်လျှင် ဒေါ်လာ (၆၀) အဖြစ် ဈေးနှုန်းသတ်မှတ်ခြင်းလည်း ပါဝင်ခဲ့ရာ ရုရှား၏ ရေနံကို များစွာဈေးလျှော့ရောင်းခဲ့ရသည်။ 

အဖွဲ့ဝင်နိုင်ငံ (၂၇) နိုင်ငံ ပါဝင်သည့် ဥရောပသမဂ္ဂကလည်း ပင်လယ်ရေကြောင်းမှတစ်ဆင့် ရုရှားထံမှ ရေနံတင်သွင်းမှုများကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှစ၍ ပိတ်ပင်ခဲ့ပြီး ရေနံသန့်စင်ခြင်းအတွက် ရုရှားသို့ နည်းပညာများ တင်ပို့မှုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။

ထို့အတူ အမေရိကန်နှင့် ဗြိတိန်ကလည်း ရုရှားရေနံ တင်သွင်းမှုများကို ကန့်သတ်ချက်များ သတ်မှတ်လုပ်ဆောင်ခဲ့သည်။ 

ရုရှားမှာ ရေနံနှင့် ဓာတ်ငွေ့မှရရှိသည့် ဝင်ငွေအပေါ် မှီခိုနေခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် နိုင်ငံ၏ အသုံးစရိတ်အတွက် ရူဘယ်ငွေ (၁၁.၆) ထရီလီယံ (ဒေါ်လာ ၁၅၄.၆၈ ဘီလီယံ) ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း သိရသည်။

Source: Reuters