NUG ဝန်ကြီး နှင့် ပြင်သစ် အရှေ့တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူးတို့ မုန်တိုင်းသင့်ပြည်သူများအတွက် အကူအညီပေးရေး ဆွေးနွေး

NUG ဝန်ကြီး နှင့် ပြင်သစ် အရှေ့တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူးတို့ မုန်တိုင်းသင့်ပြည်သူများအတွက် အကူအညီပေးရေး ဆွေးနွေး
ဇွန် 9, 2023 | 2021 Military Coup

 အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ပြင်သစ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူး Mrs Mathilde Teruya တို့ မုန်တိုင်းသင့်ဒေသများအတွက် ထောက်ပံ့ကူညီရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေး ပါဝင်သည့် အဖွဲ့ဝင်များနှင့် ပြင်သစ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင် အာရှဆိုင်ရာ ညွှန်ကြားရေးမှူး Mrs Mathilde Teruya နှင့် အဖွဲ့တို့  ၂၀၂၃ ခုနှစ်၊ ဇွန်လ (၇)ရက်နေ့က ပါရီမြို့၌ တွေ့ဆုံခဲ့ကြသည်ဟု သိရသည်။

အဆိုပါ တွေ့ဆုံပွဲတွင် မိုခါဆိုင်ကလုန်း မုန်တိုင်းဝင်ရောက်ခဲ့မှုကြောင့် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ ပြန်လည်ထူထောင်ရေး ကိစ္စရပ်များအတွက် မြန်မာနိုင်ငံအပေါ်  ပြင်သစ်နိုင်ငံ၏ ပံ့ပိုးကူညီမှုများအား ထပ်မံအတည်ပြုခဲ့ကြပြီး မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ခံစားခဲ့ရသည့် ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအား ဖြန့်ဝေပေးအပ်နိုင်ရေးကိစ္စရပ်များကိုပါ ဆွေးနွေးခဲ့ကြကြောင်း NUG က ယနေ့ဇွန်လ(၉)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

ပြင်သစ်နိုင်ငံသည် မိုခါမုန်တိုင်း အပြီး မေလ(၂၄)ရက်နေ့ကလည်း မုန်တိုင်းဒဏ်သင့် ပြည်သူများကို ယူရိုငွေတစ်သန်းတန်ဖိုးရှိ အကူအညီများပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သေးသည်။

လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီက မုန်တိုင်းဒဏ်သင့် ရခိုင် ပြည်နယ်ကို နိုင်ငံတကာကူညီကယ်ဆယ်ရေးနှင့် ပြည်တွင်း၊ ပြည်ပလူမှုအဖွဲ့ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းများအားလုံးအား ရပ် ဆိုင်းလိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ(၁၄)ရက်နေ့က တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း မွတ်ဆလင်များ အပါအဝင် ဒေသခံပြည်သူ သေဆုံးသူ(၁၄၆) ဦးရှိပြီး ဒဏ်ရာရရှိသူ(၁၀)ဦးနှင့် ပျောက်ဆုံးသူ(၃) ဦးရှိသည့်အပြင် လူ(၁၂)သိန်းကျော် ထိခိုက်နစ်နာဆုံးရှုံးခဲ့၍ လူနေအိမ်(၂၁၆,၀၀၀) ကျော် ပျက်စီးမှုရှိကြောင်း မေလနောက်ဆုံးအပတ်က ရက္ခိုင့်တပ်တော် ULA/AA က ထုတ်ပြန်ထားသည်။

မိုခါဆိုင်ကလုန်းမုန်တိုင်းသည် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတို့ကို ဖြတ်ကျော်ခဲ့ရာ ယင်းဒေသများတွင် ပျက်စီးဆုံးရှုံးမှုများပြီး အရေးပေါ်အကူအညီများ လိုအပ်နေခြင်းဖြစ်သည်။