NUG လူ့အခွင့်အရေးဝန်ကြီးဌာန အကြံပေး ဦးအောင်ကျော်မိုး၏ အစ်ကို သတ်ခံရ

NUG လူ့အခွင့်အရေးဝန်ကြီးဌာန အကြံပေး ဦးအောင်ကျော်မိုး၏ အစ်ကို သတ်ခံရ
ဇွန် 8, 2023 | 2021 Military Coup

 အမျိုးသားညီညွတ်ရးအစိုးရ(NUG)၊ လူ့အခွင့်အရေးဝန်ကြီးဌာန အကြံပေး ဦးအောင်ကျော်မိုး၏ အစ်ကို ရန်ကုန်မြို့တွင် ဓားထိုးခံရပြီး သေဆုံးသွားကြောင်း သိရသည်။

ဦးအောင်ကျော်မိုး၏ အစ်ကို ဦးသန်းမြင့်သည် ၂၀၂၃ခုနှစ်၊ ဇွန်လ (၇)ရက်နေ့၊ ညပိုင်းတွင် သာကေတမြို့နယ်၌ အမည်မသိလူတစုက သတ်ဖြတ်သွား‌ခြင်းဖြစ်ကြောင်း သိရသည်။

"ကျနော်အကိုအကြီးဆုံး (ဇွန်လ ၇ ရက်နေ့) ဒီနေ့ည ၁၁ နာရီလောက်မှာအမည်မသိလူတစ်စုရဲ့ သတ်ဖြတ်ခြင်းကိုခံရပါတယ်။"ဟု ဦးအောင်ကျော်မိုးက ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင် ဇွန်လ(၈)ရက်နေ့ နံနက်(၃)နာရီခွဲအချိန်က  ရေးသားထားသည်ကို တွေ့ရသည်။

ဦးသန်းမြင့်ကို သာကေတမြို့နယ်၊ နွယ်အေးရပ်ကွက်၊ ရွှေနှင်းဆီလမ်းအတွင်း နွယ်အေးဗလီအနီး၌ လူတစ်စုက ဓါးနှင့်ထိုးသတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် ဇွန်လ(၆)ရက်နေ့ကလည်း လီလီနိုင်ကျော်ကို ပစ်ခတ်ခဲ့သည်ဟုဆိုကာ စစ်ကောင်စီက စွပ်စွဲဖမ်းဆီးထားသည့် ကိုကောင်းဇာနည်ဟိန်း၏ မိခင် ဒေါ်သဲမာလာဝင်းနှင့် အစ်မဝမ်းကွဲဖြစ်သူ မဆောင်းသဇင်ဦးတို့သည် ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ရိုးကြီးကျေးရွာ၊ အမှတ်(၉၀)အေးမေတ္တာလမ်းနေအိမ်၌ အကြမ်းဖက်သတ်ဖြတ်ခံရ သေးသည်။