တောင်ကိုရီးယားတွင် တစ်ကိုယ်တည်း သီးခြားနေပြီး အထီးကျန်နေသည့် လူငယ်များကို အစိုးရက လစဥ် ထောက်ပံ့ငွေပေးမည်

တောင်ကိုရီးယားတွင် တစ်ကိုယ်တည်း သီးခြားနေပြီး အထီးကျန်နေသည့် လူငယ်များကို အစိုးရက လစဥ် ထောက်ပံ့ငွေပေးမည်
By Mr John

တောင်ကိုရီးယားနိုင်ငံတွင် တစ်ကိုယ်တည်း သီးခြားနေပြီး အထီးကျန်နေသည့် လူငယ်များကို လူမှုအသိုင်းအဝိုင်းသို့ ပြန်လည်ဝင်ရောက်ရန် အစိုးရက လစဥ် ထောက်ပံ့ငွေပေးသွားမည်ဟု ဆိုသည်။ 

လူမှုအသိုင်းအဝိုင်းနှင့် ကင်းကွာပြီး တစ်ကိုယ်တည်း အထီးကျန်ဆန်ဆန် နေထိုင်သူများကို တစ်လလျှင် ကိုရီးယားဝမ်ငွေ (၆၅၀,၀၀၀) (အမေရိကန်ဒေါ်လာ ၅၀၀ ခန့် / မြန်မာကျပ်ငွေ ၁၄ သိန်းကျော်) ပေးအပ်သွားမည်ဟု ကျား/မ တန်းတူရေးနှင့် မိသားစုရေးရာ ဝန်ကြီးဌာနက ယခု သီတင်းပတ်အတွင်း ကြေညာသည်။

ဝန်ကြီးဌာနက ထိုသို့ အထီးကျန်သူများအတွက် ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာနှင့် စိတ်ခံစားမှုတည်ငြိမ်မှုနှင့် ကျန်းမာရေးတိုးတက်မှုကို ကူညီပေးရန် စီစဥ်ကြိုးပမ်းခြင်းလည်း ဖြစ်သည်။ 

အသက် (၁၉) နှစ်မှ (၃၉) နှစ်အရွယ် တောင်ကိုရီးယားနိုင်ငံသား (၃.၁) ရာခိုင်နှုန်းခန့်မှာ တစ်ကိုယ်တည်း သီးခြားနေတတ်သည့် အထီးကျန်လူငယ်များဖြစ်ကြောင်း သိရသည်။

၎င်းတို့မှာ အချိန်ကာလတစ်ခုထက်ပို၍ ပတ်ဝန်းကျင်နှင့် ကင်းကွာနေပြီး ပုံမှန်ဘဝနေထိုင်မှုတွင် သိသိသာသာ အခက်အခဲရှိကြကြောင်း Korea Institute for Health and Social Affairs ကို ကိုးကားထားသည့် ဝန်ကြီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြသည်။ 

တောင်ကိုရီးယားနိုင်ငံတဝန်း ထိုသို့ သီးခြားနေတတ်ပြီး အထီးကျန်သူ (၃၃၈,၀၀၀) ခန့်ရှိကြောင်းနှင့် ၎င်းတို့အနက် (၄၀) ရာခိုင်နှုန်းမှာ ဆယ်ကျော်သက်အရွယ်တွင် အများနှင့် ဆက်ဆံမှုနည်းပြီး သီးခြားနေထိုင်မှု စတင်လာခဲ့ကြခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

ထိုသို့ ပတ်ဝန်းကျင်နှင့် ကင်းကွာ၍ သီးခြားနေထိုင်ခြင်းမှာ ငွေကြေးအခက်အခဲ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးမကောင်းမှု၊ မိသားစုပြဿနာများ သို့မဟုတ် ကျန်းမာရေးစိန်ခေါ်မှုများ အပါအဝင် အကြောင်းရင်းအမျိုးမျိုးကြောင့်ဟု ဖြစ်နိုင်သည်။

 ဝန်ကြီးဌာန၏ အစီအစဥ်အရ လစဥ် ထောက်ပံ့ငွေပေးမှုကို သီးခြားနေတတ်ပြီး အထီးကျန်နေသည့် အသက် (၉) နှစ်မှ (၂၄) နှစ်အတွင်း လူငယ်များ ရရှိနိုင်မည်ဟု သိရသည်။

ထိုလူငယ်များမှာ တောင်ကိုရီးယားတွင် သတ်မှတ်ထားသည့် ပျမ်းမျှ လစဥ်ဝင်ငွေထက် လျော့နည်းသော အိမ်ထောင်စုတစ်ခုတွင် နေထိုင်သူများ ဖြစ်ရမည်ဟု ဆိုသည်။ 

တောင်ကိုရီးယားတွင် လူ (၄) ဦးရှိသည့် အိမ်ထောင်စုတစ်ခု၏ ဝင်ငွေကို တစ်လလျှင် ဝမ် (၅.၄) သန်း (၄,၁၆၅ ဒေါ်လာ / ကျပ် သိန်း ၁၁၀ ကျော်) အဖြစ် သတ်မှတ်ထားသည်။ 

လစဥ် ထောက်ပံ့ငွေအတွက် အကျုံးဝင်သော လူငယ်များမှာ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ လူမှုဖူလုံရေးဌာနတွင် လျှောက်ထားနိုင်မည်ဖြစ်သလို ၎င်းတို့၏ အုပ်ထိန်းသူများ၊ ဥပဒေအကျိုးဆောင်များနှင့် ဆရာ/ဆရာများကလည်း ကိုယ်စားလျှောက်ထားနိုင်ကြောင်း သိရသည်။

Source: CNN