ကျောင်းသားဟောင်းက စာသင်ကျောင်းအတွင်း ဝင်ရောက်ပစ်ခတ်မှုကြောင့် ကလေးများအပါအဝင် (၁၃) ဦး သေဆုံးမှု ရုရှားတွင် ဖြစ်ပွား

ကျောင်းသားဟောင်းက စာသင်ကျောင်းအတွင်း ဝင်ရောက်ပစ်ခတ်မှုကြောင့် ကလေးများအပါအဝင် (၁၃) ဦး သေဆုံးမှု ရုရှားတွင် ဖြစ်ပွား
စက်တင်ဘာ 27, 2022 | နိုင်ငံတကာသတင်း
By Mr John

ရုရှားနိုင်ငံအလယ်ပိုင်းရှိ စာသင်ကျောင်းတစ်ကျောင်းတွင် သေနတ်သမားတစ်ဦးက ပစ်ခတ်ခဲ့မှုကြောင့် အနည်းဆုံး လူ (၁၃) ဦး သေဆုံးပြီး (၂၁) ဦး ဒဏ်ရာရခဲ့ကြောင်း ရုရှားအစိုးရ တာဝန်ရှိသူများက ပြောသည်။ 

Izhevsk မြို့တွင် ဖြစ်ပွားခဲ့သည့် စာသင်ကျောင်းပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူများအနက် ကလေးငယ် (၇) ဦး ပါဝင်ကြောင်း သိရသည်။

စာသင်ကျောင်းတွင် ပစ်ခတ်ခဲ့သည့် သေနတ်သမားမှာ ထိုကျောင်းမှ ကျောင်းသားဟောင်းတစ်ဦးလည်း ဖြစ်ပြီး ၎င်းသည် အခင်းဖြစ်နေရာ၌ပင် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့သည်။ 

ရုရှားမီဒီယာက အွန်လိုင်းတွင်တင်ထားသည့် ဗီဒီယိုများအရ ပစ်ခတ်မှုဖြစ်ပွားခဲသည့် စာသင်ကျောင်း အဆောက်အအုံထဲတွင် ကြောက်လန့်တကြား ဖြစ်နေသည်ကို တွေ့ရသည်။

အချို့မှတ်တမ်းများတွင် စာသင်ခန်းကြမ်းပြင်၌ သွေးကွက်များနှင့် ပြတင်းပေါက်တွင် ကျည်ပေါက်ရာတစ်ခုကို မြင်တွေ့ရပြီး ကလေးငယ်များမှာ စားပွဲခုံများအောက်တွင် ဝပ်နေကြသည်။ 

ပစ်ခတ်မှုကြောင့် ကလေးငယ် (၇) ဦးနှင့် လူကြီး (၆) ဦး သေဆုံးခဲ့ကြောင်းနှင့် လုံခြုံရေးအစောင့် (၂) ဦးနှင့် ဆရာ/ဆရာမ (၂) ဦး ပါဝင်ကြောင်း ရုရှားအစိုးရတာဝန်ရှိသူများက ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားသည့် စာသင်ကျောင်းအဆောက်အအုံမှ ဝန်ထမ်းများနှင့် ကျောင်းသူကျောင်းသားများကို ရွှေ့ပြောင်းခဲ့ကြောင်း သိရသည်။ 

ဒေသဆိုင်ရာ လွှတ်တော်အမတ်တစ်ဦး၏ ပြောကြားမှုအရ ကျောင်းအတွင်း ဝင်ရောက်ပစ်ခတ်ခဲ့သည့် သေနတ်သမားမှာ Artem Kazantsev ဆိုသူဖြစ်ပြီး ၎င်းက ပစ္စတိုသေနတ် (၂) လက်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီက အွန်လိုင်းတွင်တင်ထားသည့် ဗီဒီယိုတစ်ခုတွင် နာဇီသင်္ကေတပါ တီရှပ်ဝတ်ဆင်ထားပြီး ခေါင်းစွပ်မျက်နှာဖုံးတပ်ထားသော သေနတ်သမား ကြမ်းပြင်ပေါ်၌ လဲကျသေဆုံးနေသည်ကို တွေ့ရသည်။ 

စုံစမ်းစစ်ဆေးရေးမှူးများက ၎င်း၏ နေအိမ်ကို ဝင်ရောက်ရှာဖွေနေကြောင်းလည်း သိရသည်။ 

ယခုပစ်ခတ်မှုဖြစ်ရပ်အတွက် ဝမ်းနည်းကြေကွဲမှု အထိမ်းအမှတ်ကာလကို စက်တင်ဘာလ (၂၉) ရက်နေ့အထိ သတ်မှတ်ထားကြောင်း နယ်မြေအကြီးအကဲက ကြေညာသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ပြောခွင့်ရပုဂ္ဂိုလ်က တိုက်ခိုက်မှုဖြစ်ရပ်အတွက် အလွန်ဝမ်းနည်းရကြောင်း ပြောသည်။ 

ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် စာသင်ကျောင်းမှာ လူဦးရေ (၆၅၀,၀၀၀) နေထိုင်ကြသည့် Izhevsk မြို့လယ်တွင်တည်ရှိပြီး ဗဟိုအစိုးရအဆောက်အအုံများနှင့် နီးကပ်ကြောင်း သိရသည်။

Source: BBC

Photo: REUTERS, BBC, AP, REUTERS/Stringer,