ပူတင် လက်မှတ် ရေးထိုးသွားမည့် ဥပဒေမူကြမ်းအရ စစ်တပ်ထဲသို့ နောက်ထပ် ဆင့်ခေါ်မည်ကို ရုရှားပြည်သူများ စိုးရိမ် 

ပူတင် လက်မှတ် ရေးထိုးသွားမည့် ဥပဒေမူကြမ်းအရ စစ်တပ်ထဲသို့ နောက်ထပ် ဆင့်ခေါ်မည်ကို ရုရှားပြည်သူများ စိုးရိမ် 
ဧပြီ 14, 2023 | 2021 Military Coup
By Mr John

 ရုရှားနိုင်ငံတွင် စစ်မှု မထမ်းမနေရ ဥပဒေလုပ်ငန်းစဥ် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေး ဥပဒေတစ်ရပ်ကို သမ္မတဗလာဒီမာပူတင် လက်မှတ်ရေးထိုး ထုတ်ပြန်သွားမည်ဖြစ်ရာ ယူကရိန်းစစ်ပွဲအတွက် စစ်တပ်ထဲသို့ နောက်ထပ် ဆင့်ခေါ်မှုများရှိလာမည်ကို စိုးရိမ်နေကြသည်။ 

သမ္မတပူတင် လက်မှတ်ရေးထိုး အတည်ပြုသွားမည့် ဥပဒေမူကြမ်းက စစ်တပ်ထဲသို့  ဆင့်ခေါ်စာများကို ပုံမှန်စာများ ပေးပို့မှုအပြင် အွန်လိုင်းကနေ စာပို့ခြင်း စသည့် အီလက်ထရောနစ် စနစ်ဖြင့်လည်း ပေးပို့နိုင်မည်ဖြစ်ပြီး စစ်မှုထမ်းရန် အကျုံးဝင်သူများကို ပြည်ပထွက်ခွာခွင့် ပိတ်ပင်သွားမည်ဟု ဆိုသည်။

ရုရှားအစိုးရအရာရှိများကမူ ထိုဥပဒေမူကြမ်းကြောင့် စစ်တပ်ထဲသို့ နောက်ထပ် ဆင့်ခေါ်မှုရှိလာနိုင်ကြောင်း ယူဆမှုများကို ငြင်းဆိုခဲ့ကြပြီး ရုရှားအစိုးရပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီပက်စ်ကော့ဗ်က ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း အငြင်းပွားဖွယ် တစ်စိတ်တစ်ပိုင်း စစ်စည်းရုံးခြင်းအမိန့် ထုတ်ပြန်ခဲ့စဥ်က ကြုံတွေ့ခဲ့ရသည့် အစီအစဥ်မကျဖြစ်မှုကို ပြင်ဆင်ရန်အတွက်သာဖြစ်ကြောင်း ပြောခဲ့သည်။

သို့သော် တင်းကျပ်ထားသည့် စည်းမျဥ်းအသစ်များက ရုရှားအမျိုးသားများအတွက် စစ်မှုထမ်းခြင်းကို ရှောင်ရှားရန် ပိုမိုခက်ခဲသွားစေမည်ဟု ရုရှားနိုင်ငံသားများက ၎င်းတို့၏ စိုးရိမ်မှုကို CNN သတင်းဌာနထံ ဖွင့်ဟခဲ့ကြောင်း သိရသည်။ 

"အခု ဒီဥပဒေက ကျနော့်ကို စစ်တပ်ထဲဆင့်ခေါ်ဖို့ အများကြီး ပိုလွယ်ကူသွားစေလိမ့်မယ်" ဟု အသက် (၄၁) နှစ်အရွယ် Alexey အမည်ရှိ မော်စကိုမြို့မှ ရှေ့နေတစ်ဦးက ပြောသည်။

သမ္မတပူတင် လက်မှတ်ရေးထိုးသွားမည့် ဥပဒေမူကြမ်းမှာ ယူကရိန်းစစ်ပွဲအတွက် စစ်တပ်ထဲသို့ နောက်ထပ် ဆင့်ခေါ်ရန်အတွက် မရည်ရွယ်ကြောင်း ရုရှားအစိုးရပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီပက်စ်ကော့ဗ်၏ ပြောဆိုမှုအပေါ် အယုံအကြည်မရှိဟုလည်း ရှေ့နေဖြစ်သူ Alexey က ဆိုသည်။

 "ရုရှားအာဏာပိုင်တွေကို ကျနော် အယုံအကြည်မရှိဘူး။ ကျနော့်ထက် ကျနော့်သားအတွက် ပိုပြီးစိုးရိမ်မိတယ်" ဟု ၎င်းကပြောသည်။

 Alexey ၏ သားဖြစ်သူမှာ ဥပဒေအရ မဖြစ်မနေ စစ်မှုထမ်းရန် အကျုံးဝင်သည့် အသက်အရွယ်ဖြစ်ကြောင်းလည်း သိရသည်။



Source: CNN