ရုရှားနိုင်ငံ အရှေ့ဘက်စွန်း Kamchatka နယ်မြေရှိ Shiveluch မီးတောင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် (၂၀) ကီလိုမီတာ (ပေ ၆၅,၀၀၀ ကျော်) အထိ ပြာမှုန်များ ထွက်ပေါ်ရောက်ရှိခဲ့ကြောင်း Russia Academy of Sciences (RAS) လက်အောက်ရှိ Geophysical Survey ၏ ဒေသဆိုင်ရာ ရုံးခွဲက ပြောသည်။
Shiveluch မီးတောင်ပေါက်ကွဲမှုကို ၂၀၂၃ခုနှစ် ဧပြီလ (၁၁) ရက် ဒေသစံတော်ချိန် နံနက် (၁၂) နာရီ (၅၄) မိနစ်တွင် ပထမဆုံး သိရှိခဲ့ရကြောင်း Geophysical Survey က Telegram တွင် ပြောထားပြီး နောက်ပိုင်းတွင် (၁၅) နာရီနီးပါးကြာ ဆက်လက် ပေါက်ကွဲနေဆဲဖြစ်သည်ဟု ဖြည့်စွက်ပြောထားသည်။
ဆိုရှယ်မီဒီယာတွင် တင်ထားသည့် ဗီဒီယိုများအရ Kamchatka နယ်မြေအတွင်း ကောင်းကင်ယံတွင် ကြီးမားသည့် ပြာမှုန်ထုကြီးနှင့် မီးတောင်မှ (၅၅) မိုင်အကွာရှိ Ust-Kamchatsky မြို့တွင်း၌ လမ်းများနှင့် ကားများပေါ်တွင် ပြာမှုန်များ ဖုံးအုပ်နေသည်ကို တွေ့ရသည်။
ဂြိုဟ်တုအချက်အလက်များအရ ပြာမှုန်များ ပါဝင်သည့် မီးခိုးတိမ်တိုက်ကြီး၏ အရွယ်အစားမှာ (၄၀၀) x (၂၅၀) ကီလိုမီတာရှိပြီး မီးတောင်၏ အနောက်ဘက်နှင့် တောင်ဘက်သို့ ပျံ့နှံ့သွားခဲ့ကြောင်း Geophysical Survey က ပြောထားသည်။
RAS လက်အောက်ရှိ အရှေ့ဘက်စွန်းဌာနခွဲ၏ Institute of Volcanology and Seismology က မီးတောင်ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော ပြာမှုန်များကြောင့် လေကြောင်းပျံသန်းမှုများအတွက် အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။
ထို့အပြင် မီးတောင်ချော်ရည်ပူများကြောင့် လမ်းပိတ်ဆို့မှု အန္တရာယ်ရှိကြောင်းလည်း ထုတ်ပြန်ထားသည်ဟု ရုရှားသတင်းဌာန TASS က ဖော်ပြသည်။
မီးတောင်ချော်ရည်ပူများမှာ (၂၀) ကီလိုမီတာ အကွာအဝေးအထိ ရောက်ရှိနိုင်ပြီး Petropavlovsk-Kamchatsky-Ust-Kamchatsky အမြန်လမ်းကို ပိတ်ဆို့စေနိုင်သည်ဟု Institute of Volcanology and Seismology က ပြောထားကြောင်း TASS က ဆိုသည်။
Source: CNN
Photo:metronews ru, rbc,