နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်ရန်အတွက် အမေရိကန်လေယာဥ်တင် စစ်သင်္ဘောတစ်စီး တောင်ကိုရီးယားသို့ ရောက်ရှိလာစဥ် မြောက်ကိုရီးယားက သေးငယ်သော စွမ်းအားပြင်း နျူးကလီးယားထိပ်ဖူးအသစ်များကို ထုတ်ဖော်ပြသလိုက်ပြီး လက်နက်အဆင့် နျူကလီးယားပစ္စည်းများ တိုးချဲ့ထုတ်လုပ်သွားမည်ဟု နိုင်ငံပိုင်မီဒီယာ KCNA က မတ်လ (၂၈) ရက်နေ့တွင် ပြောကြားလိုက်သည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က Nuclear Weapons Institute သို့ လာရောက်၍ နည်းဗျူဟာမြောက် နျူကလီးယားလက်နက်များနှင့် ပဲ့ထိန်းဒုံးကျည်များတွင် နျူကလီးယားထိပ်ဖူးများ တပ်ဆင်ရန်အတွက် နည်းပညာကို ကြည့်ရှုစစ်ဆေးစဥ် Hwasan-31s ဟု အမည်ပေးထားသော နျူကလီးယားထိပ်ဖူးအသစ်များ၏ ဓာတ်ပုံကို KCNA က ထုတ်ပြန်ဖော်ပြခဲ့သည်။
KCNA က ထုတ်ပြန်လိုက်သည့် ဓာတ်ပုံများအရ မြောက်ကိုရီးယားက အမေရိကန်ကို တိုက်ခိုက်နိုင်စွမ်းရှိသော တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်များတွင် တပ်ဆင်ရန် စွမ်းအားကြီးမားသည့် အသေးစား နျူကလီးယားထိပ်ဖူးများ ထုတ်လုပ်နေကြောင်း အရိပ်အမြွက်ပြသလိုက်ခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။
"ပိုမိုသေးငယ်ပြီး စွမ်းအားပိုကြီးတာမျိုးပဲ။ စိုးရိမ်စရာကောင်းပါတယ်" ဟု Seoul National တက္ကသိုလ်မှ နျူကလီးယားကျွမ်းကျင်သူ ပါမောက္ခ Kune Y. Suh က မြောက်ကိုရီးယား၏ ယခု နျူကလီးယားထိပ်ဖူးအသစ်များကို ၂၀၁၆ ခုနှစ်ထုတ်များနှင့် နှိုင်းယှဥ်ပြောကြားခဲ့သည်။
မြောက်ကိုရီးယား၏ အသေးစား နျူကလီးယားထိပ်ဖူးအသစ်များကို ဒုံးကျည်များနှင့် ရေငုပ်သင်္ဘောများ အပါအဝင် မတူညီသည့် ပစ်လွှတ်မှုစနစ် အနည်းဆုံး (၈) ခုတွင် တပ်ဆင်အသုံးပြုရန် ပုံစံထုတ်ထားဖွယ်ရှိကြောင်း Kyungnam တက္ကသိုလ်တွင် စာသင်ကြားနေသည့် တောင်ကိုရီးယားရေတပ်အရာရှိဟောင်း Kim Dong-yup က ဆိုသည်။
Nuclear Weapons Institute သို့ လာရောက်စဥ်အတွင်း ကင်မ်ဂျုံအန်က လက်နက်အဆင့် နျူကလီးယားပစ္စည်းများ တိုးချဲ့ထုတ်လုပ်ပြီး နျူကလီးယားလက်နက်တိုက်ကို ဖြည့်တင်းထားရန်နှင့် ပိုမိုစွမ်းအားကြီးသည့် လက်နက်များထုတ်လုပ်ရန် ညွှန်ကြားခဲ့ကြောင်း KCNA သတင်းက ပြောသည်။
Source: Reuters