ထိုင်းနိုင်ငံ ဆူဖန်ဘူရီပြည်နယ်တွင် မကြာသေးမီက ဖမ်းဆီးသိမ်းဆည်းရမိခဲ့သည့် ဖွတ်နှင့်လိပ်အရှင်များ၊ တောရိုင်းတိရိစ္ဆာန် အသေကောင်များကို အသားလုံး သို့မဟုတ် ငါးအသားလုံး ပြုလုပ်ရာတွင် အသုံးပြုခဲ့ခြင်း မဟုတ်ဘဲ ထိုင်း - ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက်ရှိ စားသောက်ဆိုင်များ အတွက် ရောင်းချရန် ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က မတ်လ (၂) ရက်နေ့တွင် ပြောသည်။
၂၀၂၃ခုနှစ် ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့က စီးနင်းမှုအတွင်း အမျိုးသားဥယျာဉ်၊ တောရိုင်းတိရစ္ဆာန်နှင့် အပင်ထိန်းသိမ်းရေးဦးစီးဌာနမှ အရာရှိများ၊ Natural Resources and Environmental Crime Suppression Division (NED) မှ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသဆိုင်ရာ ခေါင်းဆောင်များက အမျိုးသား (၂) ဦးကို ဖမ်းဆီးခဲ့ပြီး ဖွတ်အရှင် စုစုပေါင်း (၆၁) ကောင်၊ လိပ်အရှင် (၂၈) ကောင်နှင့် အခြား ထိန်းသိမ်းစောင့်ရှောက်ရေး စာရင်းဝင် တောရိုင်းတိရိစ္ဆာန် အသေကောင်များနှင့် တိရိစ္ဆာန်များကို သတ်ဖြတ်ရာတွင် အသုံးပြုသည့် အသုံးအဆောင်ပစ္စည်း (၁၃) ခုကို သိမ်းဆည်းရမိခဲ့သည်။
စုစုပေါင်း တောရိုင်းတိရိစ္ဆာန် အရှင်နှင့် အသေ (၁၁၅) ကောင်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခဲ့သူ (၂) ဦးကို စစ်ဆေးမေးမြန်းခဲ့ရာ တောရိုင်းတိရိစ္ဆာန်အရှင်များကို ဆူဖန်ဘူရီပြည်နယ် နှင့် အနီးအနား ပြည်နယ်များရှိ ဒေသခံများထံမှ ဝယ်ယူခဲ့ကြောင်း ထွက်ဆိုကြသည်။
ထို့နောက် ၎င်းတို့က ထိုတောရိုင်းတိရိစ္ဆာန်များကို သတ်ဖြတ်ပြီး အသားများကို ကမ္ဘောဒီးယားနိုင်ငံနှင့် နယ်စပ်ရှိ Trat ပြည်နယ်အတွင်းမှ တောရိုင်းတိရိစ္ဆာန်အသားဟင်းလျာ ရောင်းချသည့် စားသောက်ဆိုင်များကို ပို့ဆောင်ရောင်းချကြကြောင်း ရဲတပ်ဖွဲ့ကို ပြောခဲ့သည်။
၎င်းတို့ထံမှ ဖွတ်၊ လိပ်နှင့် တောရိုင်းတိရိစ္ဆာန် အသားများကို ဆိုရှယ်မီဒီယာတွင် ယခင်က သတင်းထွက်ပေါ်နေ သကဲ့သို့ ငါးအသားလုံး သို့မဟုတ် အသားလုံး ပြုလုပ်သည့် စက်ရုံတစ်ရုံသို့ ပို့ဆောင်ခဲ့ခြင်း မရှိကြောင်း ဖမ်းဆီးခံရသူ (၂) ဦးက ငြင်းဆိုခဲ့သည်။
အစောပိုင်းတွင် Facebook ပို့စ်တစ်ခု၌ ဖွတ်အရှင်များ ဓာတ်ပုံအချို့နှင့်အတူ ငါးအသားလုံးပြုလုပ်ရန် ဖွတ်အသားကို အသုံးပြုပြီး ဖွတ်အရေခွံကို ငါးအရေခွံကြွပ်ကြော်အဖြစ် နိုင်ငံအနှံ့ တင်ပို့ရောင်းချနေသော စက်ရုံတစ်ရုံကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့သည်ဟု ရေးသားထားခဲ့ပြီး ထိုပို့စ်ကို အွန်လိုင်းတွင် ပြန်လည်မျှဝေမှု များစွာရှိခဲ့သည်။
မီဒီယာအချို့ကလည်း ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့သည့် သားသတ်ရုံက ဖွတ်အသားများကို အသားလုံးပြုလုပ်သည့် စက်ရုံတစ်ရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြခဲ့ကြသည်။
Source: Bangkok Post
Photo: DNP,WPC