ယူကရိန်းအရှေ့ပိုင်းရှိ မြို့၏ ဝင်ထွက်သည့် လမ်းကြောင်းအားလုံးကို ရုရှားက ဖြတ်တောက်ထား၍ အရပ်သားများ ပိတ်မိနေ

ယူကရိန်းအရှေ့ပိုင်းရှိ မြို့၏ ဝင်ထွက်သည့် လမ်းကြောင်းအားလုံးကို ရုရှားက ဖြတ်တောက်ထား၍ အရပ်သားများ ပိတ်မိနေ
By Mr John

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းရှိ တိုက်ပွဲများပြင်းထန်နေသော Sievierodonetsk မြို့နှင့် ယူကရိန်းထိန်းချုပ်ထားဆဲ Lysychansk မြို့တို့ကို ဆက်သွယ်ထားသည့် နောက်ဆုံးကျန်ရှိသော တံတားကို ရုရှားတပ်ဖွဲ့တွေက ဖျက်ဆီးလိုက်ပြီး Sievierodonetsk မြို့မှ အရပ်သားများ ရွှေ့ပြောင်းရန်အတွက် ဝင်ထွက်သည့် လမ်းကြောင်းများ အားလုံးကို ဖြတ်တောက်လိုက်ကြောင်း သိရသည်။

ရုရှားတပ်ဖွဲ့တွေက Sievierodonetsk မြို့၏ မြိုလယ်ခေါင်နေရာတွင် ခြေကုပ်ရယူရန် ကြိုးပမ်းနေခဲ့ကြောင်း ယူကရိန်းစစ်တပ်က ဇွန်လ (၁၄) ရက်တွင် ပြောသည်။ 

"Sievierodonetsk မြို့မှာ အခြေအနေ အလွန်ဆိုးရွားနေပါတယ်။ ရုရှားတွေက အထပ်မြင့် အဆောက်အအုံတွေနဲ့ Azot ဓာတုဗေဒစက်ရုံကို ဖျက်ဆီးနေကြတယ်" ဟု Luhansk ဒေသ အုပ်ချုပ်ရေးမှူး Serhiy Gaidai က Telegram တွင် ရေးထားသည်။ ‌

ရုရှားတပ်ဖွဲ့များ တိုက်ခိုက်ခဲ့သည့် Azot ဓာတုဗေဒစက်ရုံဝင်းထဲတွင် ရာနှင့်ချီသည့် အရပ်သားများ ခိုလှုံနေကြကြောင်း ၎င်းက အစောပိုင်းရက်တွေ ပြောထားသည်။ 

Sievierodonetsk မြို့ကို ခုခံကာကွယ်ရေး လက်နက်ကြီးများ အမြန်ပေးပို့ရန် ယူကရိန်းက အနောက်အုပ်စုထံ တောင်းဆိုနေခဲ့သည်။ 

Severodonetsk မြို့ တိုက်ပွဲက နိုင်ငံအရှေ့ပိုင်း စစ်ပွဲရလဒ်ကို အဆုံးအဖြတ်ပေးနိုင်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးက ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပြောထားခဲ့သည်။ 

Severodonetsk မြို့မှာ ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသ တိုက်ပွဲ၏ ဗဟိုချက်နေရာလည်း ဖြစ်သည်။ 

 

ဇွန်လ (၁၃) ရက်နေ့တွင် အုပ်ချုပ်ရေးမှူး Serhiy Gaidai က ဆိုရှယ်မီဒီယာ၌ ပြောကြားထားမှုအရ ထိုမြို့၏ (၇၀) ရာခိုင်နှုန်းခန့်မှာ ရုရှား၏ ထိန်းချုပ်မှုအောက် ရောက်ရှိသွားပြီဟု ဆိုသည်။ 

Severodonetsk မြို့နှင့် Lysychansk မြို့ကို ဆက်သွယ်ထားသည့် တံတား (၃) စင်းလုံးကို ရုရှားက ဖျက်ဆီးလိုက်ပြီဖြစ်ရာ မြို့တွင်း၌ အရပ်သားများ ပိတ်မိနေကြောင်းလည်း သိရသည်။ ထို့အတူ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးပို့ရန်လည်း မဖြစ်နိုင်တော့ဟု ဆိုသည်။

ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့တွင် ရုရှားက ကျူးကျော်တိုက်ခိုက်မှုနှင့်အတူ ရုရှား-ယူကရိန်း စစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ယခုအခါ စစ်ပွဲကာလ (၄) လအတွင်းသို့ ဝင်ရောက်လာ ပြီလည်း ဖြစ်သည်။ 

ရုရှားက စတင်ကျူးကျော်ခဲ့စဥ် ယူကရိန်းမြို့တော် ကိဗ်မြို့နှင့် ပတ်ဝန်းကျင်နေရာများကို အလျင်အမြန် တိုက်ခိုက်သိမ်းပိုက်ရန် စီစဥ်ခဲ့သော်လည်း ယူကရိန်းဘက်က ခုခံတိုက်ခိုက်မှုကြောင့် ၎င်း၏အစီအစဥ် မအောင်မြင်ခဲ့ဘဲ ပြန်ဆုတ်ခွာသွားခဲ့သည်။ 

ထို့နောက် ရုရှားက ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသကို အာရုံစိုက် တိုက်ခိုက်လာခဲ့ရာ အဓိကကျသည့် Severodonetsk မြို့တွင် တိုက်ပွဲများပြင်းထန်နေခဲ့သည်။ 

ရုရှားတပ်ဖွဲ့တွေက ဒွန်ဘတ်စ်ဒေသကို အကြီးအကျယ် ထိုးစစ်ဆင်တိုက်ခိုက်နေမှုကြောင့် ထိုဒေသမှာ ငရဲပြည်သမျှ လုံးဝပျက်စီးသွားပြီဟု ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးက မေလ (၁၉) ရက်နေ့တွင် ပြောခဲ့သည်။ 

Severodonetsk မြို့ကို သိမ်းပိုက်နိုင်ခြင်းက ရုရှားအတွက် ယူကရိန်းစစ်ပွဲအတွင်း ဒုတိယမြောက် အရေးပါသည့် မြို့တစ်မြို့ကို သိမ်းပိုက်နိုင်ခြင်းလည်း ဖြစ်လာမည်ဟု ဆိုသည်။ 

မေလလယ်ပိုင်းတွင် ယူကရိန်း၏ အဓိက ဆိပ်ကမ်းမြို့ဖြစ်သည့် မာရီယူပိုးမြို့မှာလည်း ရုရှားလက်အောက်သို့ ကျရောက်သွားခဲ့သည်။ 

ယူကရိန်းစစ်ပွဲနှင့် ပတ်သက်သည့် သီးခြားသတင်းတစ်ရပ်အရ ရုရှားက ယူကရိန်းအရှေ့မြောက်ပိုင်း Kharkiv မြို့တွင် လက်နက်ကြီးများဖြင့် လက်လွတ်စပယ် ပစ်ခတ်ခြင်းနှင့် တားမြစ်ပိတ်ပင်ထားသည့် ကလတ်စတာဗုံး (cluster bomb) ခေါ် ဆင့်ကဲပေါက်ကွဲသည့်ဗုံးများ အသုံးပြုခြင်းဖြင့် ရာနှင့်ချီသည့် အရပ်သားများကို သတ်ခဲ့ကြောင်းနှင့် ထိုမြို့တွင် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း Amnesty International လူ့အခွင့်အရေးအဖွဲ့ စွပ်စွဲလိုက်ကြောင်း သိရသည်။

  • Source: Reuters
  • Photo: Maxar Technologies, REUTERS/Gleb Garanich