ထိုင်းနိုင်ငံတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် လက်ထောက်အကြီးအကဲကို ပိုင်ဆိုင်မှုများ ဖုံးကွယ်မှုဖြင့် ဆိုင်းငံ့ထောင်ဒဏ် ချမှတ်

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်   (NACC) ၏ လက်ထောက်အကြီးအကဲဟောင်း Prayat Puangjumpa
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် (NACC) ၏ လက်ထောက်အကြီးအကဲဟောင်း Prayat Puangjumpa
ထိုင်းနိုင်ငံတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် လက်ထောက်အကြီးအကဲကို ပိုင်ဆိုင်မှုများ ဖုံးကွယ်မှုဖြင့် ဆိုင်းငံ့ထောင်ဒဏ် ချမှတ်
ဖေဖော်ဝါရီ 24, 2023 | နိုင်ငံတကာသတင်း
By Mr John

 ထိုင်းနိုင်ငံတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် National Anit-Corruption Commission (NACC) ၏ လက်ထောက်အကြီးအကဲဟောင်းကို ဘတ် (၂၂၇) သန်း တန်ဖိုးရှိ ပိုင်ဆိုင်မှုများ ဖုံးကွယ်ထားမှုအတွက် ဆိုင်းငံ့ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သိရသည်။ 

ထိုင်းတရားရုံးချုပ်၏ နိုင်ငံရေးရာထူး ရယူထားသူများဆိုင်ရာ ရာဇဝတ်မှုဌာနခွဲက NACC လက်ထောက် အထွေထွေအတွင်းရေးမှူး Prayat Puangjumpa ကို ထောင်ဒဏ် (၄) လနှင့် ငွေဒဏ် ဘတ် (၁၀,၀၀၀) တစ်နှစ်ကြာ ဆိုင်းငံ့ပြစ်ဒဏ်များ ၂၀၂၃ခုနှစ် ဖေဖေါ်ဝါရီလ (၂၃) ရက်နေ့တွင် ချမှတ်လိုက်ခြင်း ဖြစ်သည်။

ထို့အပြင် တရားရုံးက Prayat ကို အစိုးရ ရာထူးတစ်ခုတွင် တာဝန်ထမ်းဆောင်ခွင့် (၅) နှစ်ကြာ တားမြစ်ပိတ်ပင်လိုက်သည်။ 

အစိုးရရှေ့နေများက တရားရုံးကို လျှောက်လဲမှုအရ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် Prayat က NACC လက်ထောက်အကြီးအကဲ ရာထူးကို ရယူခဲ့စဥ် ပိုင်ဆိုင်မှုများကို ကြေညာခဲ့ရာ၌ ဘတ် (၂၂၇) သန်း တန်ဖိုးရှိ ပိုင်ဆိုင်မှု (၆) ခုကို ထိမ်ချန်ဖုံးကွယ်ထားခဲ့ကြောင်း သိရသည်။

Prayat ၏ ထိုပိုင်ဆိုင်မှုများတွင် စုစုပေါင်း ဘတ် (၂၂၅) သန်း တန်ဖိုးရှိ လန်ဒန်မြို့မှ လူနေအိမ်ခန်းတစ်ခန်းနှင့် နိုင်ငံခြားဘဏ်အကောင့် (၃) ခုတို့နှင့်အတူ ဘတ် (၂) သန်းတန် ပြည်တွင်းကုမ္ပဏီတစ်ခုနှင့် ဘတ် (၁၀,၀၀၀) ထည့်ထားသည့် ပြည်တွင်ဘဏ်အကောင့်တစ်ခုတို့ ပါဝင်သည်။ 

တရားရုံး ကြားနာစစ်ဆေးမှုအရ ထိုပိုင်ဆိုင်မှုများမှာ Prayat ၏ ဇနီးအမည်ပေါက်ဖြစ်ကြောင်း သိရသည်။ 

Prayat ကို NACC လက်ထောက်အကြီးအကဲ ရာထူးမှ ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် ထုတ်ပယ်ခဲ့သည်။



Source: Bangkok Post