ချစ်သူကို ဘတ်(၅၀၀၀၀)တန် ပိုက်ဆံပန်းစည်း လက်ဆောင်ပေးပြီး အံ့အားသင့်စေရန် စီစဥ်ခဲ့သော်လည်း မှန်းချက်နှင့် နှမ်းထွက်မကိုက်ခဲ့သည့် ထိုင်းအမျိုးသမီး

ချစ်သူကို ဘတ်(၅၀၀၀၀)တန် ပိုက်ဆံပန်းစည်း လက်ဆောင်ပေးပြီး အံ့အားသင့်စေရန် စီစဥ်ခဲ့သော်လည်း မှန်းချက်နှင့် နှမ်းထွက်မကိုက်ခဲ့သည့် ထိုင်းအမျိုးသမီး
ဖေဖော်ဝါရီ 23, 2023 | နိုင်ငံတကာသတင်း
By Mr John

ထိုင်းနိုင်ငံတွင် ချစ်သူအမျိုးသားအား ဘွဲ့ယူသည့်နေ့၌ အံ့အားသင့်စေရန် ရည်ရွယ်၍ ပိုက်ဆံပန်းစည်း လက်ဆောင်ပေးရန် စီစဥ်ခဲ့သော အမျိုးသမီးတစ်ဦးမှာ ထိုပိုက်ဆံပန်းစည်းကို ပို့ဆောင်ပေးသူ တက္ကစီယာဥ်မောင်းက ပန်စည်းကို ယူဆောင်သွားပြီး ပျောက်သွားခဲ့ရာ မှန်းချက်နှင့် နှမ်းထွက်မကိုက်ဘဲ ဝမ်းနည်းပက်လက် ဖြစ်ခဲ့ရသည်။ 

Sunitra Boonyaem အမည်ရှိ အမျိုးသမီးက  သူမ၏ချစ်သူ တက္ကသိုလ်မှ ဘွဲ့ယူသည့် ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့တွင် ပို့ဆောင်ပေးရန် ဘတ် (၅၀,၀၀၀) တန်ဖိုးရှိ ပိုက်ဆံပန်းစည်းကို ပန်းဆိုင်သို့ ဝန်ဆောင်ခ အပါအဝင် ဘတ် (၅၃,၅၅၀) လွှဲပေးခဲ့ပြီး အွန်လိုင်းမှတစ်ဆင့် စီစဥ်မှာကြားခဲ့သည်။



ပိုက်ဆံပန်းစည်းကို ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့ နံနက် (၈) နာရီ (၃၀) မိနစ်တွင် သူမထံသို့ အရောက်ပို့ဆောင်ပေးရန် စီစဥ်မှာကြားထားခဲ့ခြင်း ဖြစ်သည်။

ထိုနေ့တွင် ပန်းဆိုင်က Sunitra ထံသို့ ပို့ဆောင်ပေးမည့် တက္ကစီယာဥ်မောင်းတစ်ဦးက ပိုက်ဆံပန်းစည်းကို လာရောက်ယူဆောင်သွားပြီး သူမ၏ လိပ်စာသို့ ထွက်ခွာသွားပြီဖြစ်ဟု အကြောင်းကြားသလို  ပို့ဆောင်မှုလမ်းကြောင်းကို အွန်လိုင်းတွင် ကြည့်ရှုနိုင်သည့် link တစ်ခုကိုလည်း ပို့ပေးခဲ့သည်ဟု ဆိုသည်။ 

အမျိုးသမီးက ထို link မှတစ်ဆင့် ဝင်ရောက်စစ်ဆေးကြည့်ခဲ့ရာ တက္ကစီမှာ သူမ၏လိပ်စာသို့ ဦးတည်လာနေသည်ကို တွေ့ခဲ့ရသည်။

သို့သော် သူမ၏ နေအိမ်နှင့် နီးကပ်လာစဥ် ပိုက်ဆံပန်းစည်းကို ပို့ဆောင်ပြီးဖြစ်ကြောင်း တက္ကစီယာဥ်မောင်းက အွန်လိုင်းခြေရာခံစနစ်တွင် ဖော်ပြချက် ပြောင်းလဲခဲ့သည်ဟု ဆိုသည်။ 

Sunitra က သူမထံသို့ ပိုက်ဆံပန်းစည်း ရောက်ရှိမလာသည့်အတွက်  တက္ကစီယာဥ်မောင်းက ယူဆောင်သွားပြီဟု သဘောပေါက်လိုက်ပြီး ထိတ်လန့်တကြားဖြစ်ကာ တက္ကစီယာဥ်မောင်းထံ ဖုန်းဆက်သွယ်၍ ပန်းစည်းအကြောင်း မေးမြန်းလိုက်ရာ တက္ကစီယာဥ်မောင်းက ၎င်းထံမှ တစ်စုံတစ်ဦးက ပိုက်ဆံပန်းစည်းကို လာရောက်ယူဆောင်သွားခဲ့ပြီးဖြစ်ကြောင်း ဖြေကြားခဲ့သည်ဟု ဆိုသည်။ 

Sunitra ကလည်း ထိုသို့ ပေးလိုက်ပြီးဖြစ်ကြောင်း သက်သေအဖြစ် ဓာတ်ပုံပြရန် တောင်းဆိုခဲ့ရာ ဓာတ်ပုံမရိုက်ခဲ့မိကြောင်း တက္ကစီယာဥ်မောင်းက ပြောပြီး ဖုန်းချသွားခဲ့ကြောင်း Sunitra က ဆိုသည်။

Sunitra က ပန်းဆိုင်သို့ ချက်ချင်း ဖုန်းဆက်၍ ဖြစ်စဥ်ကို ပြောပြခဲ့ရာ ပြဿနာရှိမည်  မဟုတ်ဟု ကနဦးတွင် ပန်းဆိုင်က ပြောခဲ့သော်လည်း နောက်ပိုင်းတွင်မူ ပန်းဆိုင်ကလည်း ပိုက်ဆံပန်းစည်းကို ပြန်မရနိုင်ကြောင်း သိရှိသွားခဲ့သည်ဟု ဆိုသည်။ 

ထိုဖြစ်ရပ်ကို Sunitra က Bang Sao Thong ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားလိုက်သော်လည်း အမှုအခြေအနေမှာ ထူးခြားမှုမရှိ၍  သူမက Sai Mai Tong Rot အမည်ရှိ လူသိများသည့် Facebook page ကို အကူအညီတောင်းခဲ့ကြောင်း သိရသည်။

ထို Facebook page က Sunitra ၏ အဖြစ်ကို လူအများသိစေရန် ဖေဖေါ်ဝါရီလ (၂၂) ရက်နေ့တွင် ပို့စ်တင်ခဲ့သည်။ 

၎င်းကို ပိုက်ဆံပန်စည်း လက်ဆောင်ပေးရန် Sunitra က စီစဥ်ထားခဲ့ကြောင်း မသိရှိခဲ့ဟု အမည်မဖော်သည့် သူမ၏ ချစ်သူက ပြောသည်။ 

Sunitra ၏ ချစ်သူကလည်း သူမကို အံ့အားသင့်စေရန် ဘွဲ့ယူသည့်နေ့တွင် လက်ထပ်ခွင့်တောင်းရန် စီစဥ်ထားခဲ့သည်။

ထိုနေ့တွင် လက်ထပ်ခွင့်တောင်းခဲ့ရာ Sunitra က မျက်ရည်ကျခဲ့သော်လည်း ချစ်သူအတွက် စီစဉ်ထားမှုသည်  မှန်းချက်နှင့် နှမ်းထွက်မကိုက်သည့် အခြေအနေဖြစ်သွား၍   ရုတ်တရက် ဝမ်းသာ ဗျာကယာ ဝမ်းနည်းဖြစ်ခဲ့ရသည်။ 

Facebook page ၏ administrator ကမူ ယခုဖြစ်ရပ်နှင့် ပတ်သက်၍ ပိုက်ဆံပန်းစည်းကို ယူဆောင်သွားပြီး ပျောက်နေသည့် တက္ကစီယာဥ်မောင်းကို ဥပဒေအရ အရေးယူနိုင်ရန်အတွက် ကူညီပေးရန် Bang Sao Thong ရဲစခန်းမှ စခန်းမှူး ရဲဗိုလ်မှူးကြီး Supasak Poreeyanon ထံ ဆက်သွယ်ထားပြီးဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။

Source: Bangkok Post

Photo: One31, Sai Mai Tong Rot Facebook page