ကိုလံဘီယာနိုင်ငံတွင် ဘတ်စ်ကားတစ်စီးပေါ်သို့ မြေပြိုကျပြီး အနည်းဆုံး လူ (၃၄) ဦး သေဆုံး

ကိုလံဘီယာနိုင်ငံတွင် ဘတ်စ်ကားတစ်စီးပေါ်သို့ မြေပြိုကျပြီး အနည်းဆုံး လူ (၃၄) ဦး သေဆုံး
ဒီဇင်ဘာ 6, 2022 | နိုင်ငံတကာသတင်း
By Mr John

ကိုလံဘီယာနိုင်ငံ အနောက်မြောက်ပိုင်းတွင် မြေပြိုမှုဖြစ်၍ ဘတ်စ်ကားတစ်စီး နစ်မြုပ်သွားခဲ့ရာ အနည်းဆုံး လူ (၃၄) ဦး သေဆုံးသွားကြောင်း 

အစိုးရဘေးအန္တရာယ်ဆိုင်ရာဌာနက ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၅) ရက်နေ့တွင် ထုတ်ပြန်သည်။ 

ကိုလံဘီယာမြို့တော် ဘိုဂိုမြို့၏ အနောက်မြောက်ဘက် မိုင် (၁၄၀) ခန့်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုကျခဲ့ရာ လမ်းပေါ်တွင် မောင်းနှင်သွားနေသည့် ဘတ်စ်ကားပေါ်သို့ ဖုံးအုပ်သွားခဲ့ကြောင်း သိရသည်။

ကယ်ဆယ်ရေးသမားများက ရွှံ့နွံများကြား တူးဖော်ပြီး အသက်ရှင်သူများကို ရှာဖွေနေရာ လူ (၉) ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သူများအနက် သေဆုံးနေသည့် မိခင်ကို ဖက်တွယ်လျက်သား တွေ့ရှိရသည့် အသက် (၇) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးလည်း  ပါဝင်ခဲ့ကြောင်း Risaralda ပြည်နယ်အုပ်ချုပ်ရေးမှူး Victor Tamayo က ပြောသည်။ 

"သေဆုံးသူတွေရဲ့ မိသားစုတွေနဲ့အတူ ကျွန်တော်တို့ တစ်သားတည်းရှိပါတယ်" ဟု သမ္မတပက်ထရိုက ပြောခဲ့ပြီး အစိုးရက ကူညီထောက်ပံ့ပေးသွားမည်ဟု ကတိပြုခဲ့သည်။ 

ဘတ်စ်ကားပေါ်သို့ မြေပြိုကျမှုအတွင်း သေဆုံးခဲ့သူများအနက် (၈) ဦးမှာ အရွယ်မရောက်သေးသူများဖြစ်ကြောင်း UNGRD က ပြောသည်။ 

ယခု မြေပြိုမှုအတွင်း နစ်မြုပ်သွားခဲ့သည့် ဘတ်စ်ကားမှာ ကိုလံဘီယာ၏ တတိယအကြီးဆုံးမြို့ Cali မှ Choco ပြည်နယ် Condoto ဒေသသို့ မောင်းနှင်သွားနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကိုလံဘီယာတွင် တောင်တန်းထူထပ်သည့် မြေအနေအထား၊ မိုးသည်းထန်စွာ မကြာခဏ ရွာသွန်းမှုနှင့် တရားဝင် စနစ်တကျ ဆောက်လုပ်ထားခြင်းမဟုတ်သည့် နေအိမ်များကြောင့် မြေပြိုမှုများ ဖြစ်ပွားလေ့ရှိသည်။ 

ကိုလံဘီယာတွင် လာနီညာ (La Nina) ရာသီဥတုဖြစ်စဥ်ကြောင့် ပုံမှန်ထက်ပိုသည့် မိုးသည်းထန်စွာရွာသွန်းမှုများ ကြုံနေခဲ့ရသည်။

ကိုလံဘီယာနိုင်ငံတွင် ၂၀၂၂ ခုနှစ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့် ဆက်နွယ်နေသည့် ဖြစ်ရပ်များကြောင့် ယခုအချိန်အထိ လူ (၂၁၆) ဦး သေဆုံးပြီး လူဦးရေ (၅၃၈,၀၀၀) ကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ကြရကြောင်း အစိုးရ၏ စာရင်းအချက်အလက်များအရ သိရှိရသည်။ 

ထို့အပြင် ပျောက်ဆုံးနေသူ (၄၈) ဦးရှိကြောင်းလည်း အစိုးရ၏ စာရင်းများက ဖော်ပြထားသည်။ ကိုလံဘီယာတွင် မကြာသေးမီ နှစ်များအတွင်း လူသေဆုံးမှုအများဆုံး မြေပြိုမှုဖြစ်ရပ်မှာ ၂၀၁၇ ခုနှစ်က မိုကိုအာမြို့တွင် ဖြစ်ပွားခဲ့သည့် လူ (၃၂၀) ကျော် သေဆုံးခဲ့သော မြေပြိုမှုဖြစ်ကြောင်း သိရသည်။

Source: Reuters