ကမ္ဘာ့စီးပွားရေးကို ဆိုးရွားစွာ ဂယက်ရိုက်ခဲ့သော ရုရှား၏ ရန်လိုစစ်ပွဲကို G20 ခေါင်းဆောင်များက  အပြင်းထန်ဆုံး ရှုတ်ချ

ကမ္ဘာ့စီးပွားရေးကို ဆိုးရွားစွာ ဂယက်ရိုက်ခဲ့သော ရုရှား၏ ရန်လိုစစ်ပွဲကို G20 ခေါင်းဆောင်များက  အပြင်းထန်ဆုံး ရှုတ်ချ
နိုဝင်ဘာ 17, 2022 | နိုင်ငံတကာသတင်း
By Mr John

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပပြုလုပ်ခဲ့သည့် G20 (Group of 20) နိုင်ငံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးက ယူကရိန်းတွင် လူပေါင်းထောင်နှင့်ချီ သေဆုံးခဲ့ရပြီး ကမ္ဘာ့စီးပွားရေးကို ဂယက်ရိုက်ခဲ့သော ရုရှား၏ ရန်လိုသည်စစ်ပွဲကို အပြင်းထန်ဆုံး စကားလုံးအသုံးအနှုန်းများဖြင့် ရှုတ်ချလိုက်ပြီး ရုရှားတပ်ဖွဲ့များ ယူကရိန်းကနေ ခြွင်းချက်မရှိ ပြန်ဆုတ်ခွာရန် ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်သည်။

နိုဝင်ဘာလ (၁၅) ရက်မှ (၁၆) ရက်အထိ နှစ်ရက်ကြာ ထိပ်သီးအစည်းအ‌ဝေးအပြီးတွင် G20 ခေါင်းဆောင်များက ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

 "ခေါင်းဆောင်အများစုက ရုရှားရဲ့ စစ်ပွဲကို ပြင်းထန်စွာ ရှုတ်ချကြတယ်" ဟု G20 ခေါင်းဆောင်များက ၎င်းတို့၏ ကြေညာချက်တွင် ပြောထားပြီး G20 အဖွဲ့ဝင်ဖြစ်သည့် ရုရှားကမူ ကြေညာချက်၏ စကားလုံးအသုံးအနှုန်းကို ကန့်ကွက်ခဲ့ကြောင်း သိရသည်။

G20 ကြေညာချက်က အခြား အမြင်များနှင့် မတူညီသည့် အကဲဖြတ်ချက်များနှင့် အရေးယူပိတ်ဆို့မှုများရှိခဲ့ကြောင်း အသိအမှတ်ပြုသော်လည်း တညီတညွတ်တည်း သဘောတူညီခဲ့ကြကြောင်း သံတမန် (၃) ဦးက ပြောသည်။ 

G20 ခေါင်းဆောင်များ၏ ကြေညာချက်တွင် နျူကလီးယားလက်နက် အသုံးပြုမှု သို့မဟုတ် အသုံးပြုမည့် ခြိမ်းခြောက်မှုကို လက်မခံကြောင်းလည်း ဖော်ပြထားသည်။

ဘာလီကျွန်းတွင် G20 ခေါင်းဆောင်များ ထိပ်သီးအစည်းအ‌ဝေး စတင်ကျင်းပသည့် နိုဝင်ဘာလ (၁၅) ရက်နေ့၌ပင် ရုရှားက ယူကရိန်းနိုင်ငံ၏မြို့တော် ကိဗ်မြို့ကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် မြိုလယ်နှင့်နီးကပ်သော လူနေအဆောက်အအုံများ ပျက်စီးခဲ့ကြောင်း သိရသည်။ 

ရုရှားတပ်ဖွဲ့များက ယူကရိန်းတစ်နိုင်ငံလုံးတွင် တိုက်ခိုက်ခဲ့ပုံရပြီး Mykolaiv, Chernihiv နှင့် Zaporizhzhia မြို့များတွင်လည်း တိုက်ခိုက်မှုများရှိခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်အစား G20 အစည်းအဝေး တက်ရောက်လာသည့် နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က သဘောထားကွဲလွဲမှုများရှိခဲ့ပြီးနောက် ဘာလီကျွန်းကနေ လေယာဥ်ဖြင့် ပြန်သွားခဲ့ကြောင်း သိရသည်။ 

G20 ထိပ်သီးအစည်းအဝေးကနေ Sergei Lavrov ထွက်ခွာသွားစဥ် ရုရှားက ယူကရိန်းနိုင်ငံတဝန်း ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ခြင်းလည်း ဖြစ်သည်။

ထိုအတောအတွင်း နိုဝင်ဘာလ (၁၅) ရက်နေ့က ရုရှားလုပ် ဒုံးကျည်တစ်စင်း ယူကရိန်းနှင့် နယ်စပ်အနီး ပိုလန်နိုင်ငံ အရှေ့ပိုင်းတွင် ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် လူ (၂) ဦး သေဆုံးခဲ့ကြောင်း သိရသည်။ 

နောက်ဆုံးသတင်းများအရ ထိုဒုံးကျည်မှာ ရုရှားနိုင်ငံထုတ်ဖြစ်သော်လည်း ယူကရိန်းနိုင်ငံအတွင်းကနေ ပစ်လွှတ်လိုက်ပုံရကြောင်း အမေရိကန်၏ ဆန်းစစ်မှုက ဆိုသည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကလည်း ပိုလန်ပိုင်နက်အတွင်း ကျရောက်ခဲ့သည့် ဒုံးကျည်မှာ ရုရှားဘက်က ပစ်လွှတ်လိုက်သည့် ဒုံးကျည်မဖြစ်နိုင်ဟု ပြောခဲ့သည်။ 

ပိုလန်တွင် ကျရောက်ပေါက်ကွဲခဲ့သည့် ဒုံးကျည်မှာ ယူကရိန်းလေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်ဖြစ်နိုင်ကြောင်း ဘယ်လ်ဂျီယံနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။ 

အမေရိကန်နှင့် မဟာမိတ်များက ထိုဒုံးကျည်ဖြစ်ရပ် နောက်ကွယ်မှ အချက်အလက်များကို ဖော်ထုတ်သိရှိနိုင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

Source: CNN, Reuters

Photo:  REUTERS/Willy Kurniawan/Pool, REUTERS/Kevin Lamarque