အာဏာသိမ်းစစ်တပ်၏ လက်နက်အဝယ်တော် ကျော်မင်းဦးနှင့် ၎င်း၏ကုမ္ပဏီကို အမေရိကန် ပိတ်ဆို့အရေးယူ

စစ်ကောင်စီတပ် အောက်တိုဘာလအတွင်းက လေကြောင်းမှ တိုက်ခိုက်ခဲ့သည့် လက်ယက်ကုန်းရွာ စာသင်ကျောင်း
စစ်ကောင်စီတပ် အောက်တိုဘာလအတွင်းက လေကြောင်းမှ တိုက်ခိုက်ခဲ့သည့် လက်ယက်ကုန်းရွာ စာသင်ကျောင်း
အာဏာသိမ်းစစ်တပ်၏ လက်နက်အဝယ်တော် ကျော်မင်းဦးနှင့် ၎င်း၏ကုမ္ပဏီကို အမေရိကန် ပိတ်ဆို့အရေးယူ
By Tachileik News Agency

ပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုလုပ်နေသည့် အာဏာသိမ်းစစ်တပ်အတွက် စစ်လေယာဉ်အစိတ်အပိုင်းများ တင်သွင်းခြင်းအပါအဝင် လက်နက်အဝယ်တော်လုပ်နေသည့် Sky Aviator Company Limited နှင့် ၄င်း၏ ပိုင်ရှင်လည်းဖြစ် ဒါရိုက်တာလည်းဖြစ်သူ ကျော်မင်းဦးကို အမေရိကန်ပြည်ထောင်စုက ပိုင်ဆိုင်မှုထိန်းချုပ်ကန့်သတ် ဒဏ်ခတ်အရေးယူလိုက်ကြောင်း ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၈)ရက်နေ့တွင် ကြေညာထားသည်။

ပြည်သူများ၏ ဒီမိုကရေစီပိုမိုအားကောင်းပြီး အားလုံးပါဝင်နိုင်သည့် သာယာဝပြောသော အနာဂတ်တစ်ခု လိုလားတောင့်တမှုကို ဖိနှိပ်ချုပ်ချယ်ရင်း အကြမ်းဖက်ခြိမ်းခြောက်မှုများကို ပြောင်ပြောင်တင်းတင်း တိုးမြှင့်ဆောင်ရွက်လျက်ရှိသည့် အာဏာရှင်အဖွဲ့အစည်းကို ရင်ဆိုင်နေရသည့် မြန်မာပြည်သူများနှင့်အတူ မိမိတို့ ရပ်တည်ပါသည်။ ယနေ့တွင် အာဏာရှင်အဖွဲ့အစည်း၏ အကြမ်းဖက်မှု အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှုများ ဆင့်ကာဆင့်ကာပြုလုပ်ခြင်း နှင့် အရပ်သားပြည်သူများကို သတ်ဖြတ်ခြင်းကို ပံ့ပိုးပေးသည့် သူများအပေါ် အမေရိကန်ပြည်ထောင်စုမှ ထပ်တိုးအရေးယူမှုများ လုပ်ဆောင်သွားပါမည်။

ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

အတိုက်အခံနိုင်ငံရေးသမားများနှင့် အရပ်သားပြည်သူအမြောက်အများကို အသက်ဆုံးရှုံးစေလောက်သည့် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ရင်း မြန်မာပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက်လုပ်ရပ်များကို ဆောင်ရွက်ခဲ့သည့် မြန်မာစစ် အာဏာရှင်အဖွဲ့အစည်းအတွက် လက်နက်ပစ္စည်းများ ဝယ်ယူပေးခြင်း၊ နိုင်ငံခြားမှ စစ်အရာရှိများ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန်၊ စစ်လက်နက်ပစ္စည်းများ မြန်မာနိုင်ငံသို့တင်သွင်းရန်နှင့် တိုက်ခိုက်ရေးသုံးရဟတ်ယာဉ်များအဆင့်မြှင့်တင်ရန် လိုအပ်သည့် ပစ္စည်းများကို ပေးအပ်ခြင်းများအတွက်  Sky Aviator ကုမ္ပဏီက လုပ်ဆောင်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ဆောင်ချက်များကြောင့် ကျော်မင်းဦးနှင့် ၎င်း၏ကုမ္ပဏီက ပိုင်ဆိုင်သည့် အမေရိကန်ပြည်ထောင်စုမှ ပိုင်ဆိုင်မှု၊ အကျိုးစီးပွားများ၊ ၎င်းတို့နှင့် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ဆက်စပ်သူများကိုပါ ဒဏ်ခတ်ပိတ်ဆို့အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။

အာဏာရှင်အဖွဲ့အစည်းကို လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တရားမျှတမှုရှိစေရန်နှင့် တာဝန်ခံမှု တာဝန်ယူမှုရှိစေရန်ဆောင်ရွက်ခြင်း၊ မြန်မာပြည်သူများအပေါ် ကြမ်းကြုတ်ရက်စက်မှုများကို ကျူးလွန်ရာတွင် ၄င်းတို့ အသုံးပြုသည့် ဝင်ငွေရလမ်းနှင့် အရင်းအမြစ်များကို ဖြတ်တောက်ခြင်းတို့ကို ဆောင်ရွက်ရာတွင် အမေရိကန်ပြည်ထောင်စုသည် မိတ်ဘက်များနှင့်အတူ ဆက်လက် လက်တွဲဆောင်ရွက်သွားမည်ဟုလည်း အသိပေးထုတ်ပြန်ထားသည်ကို တွေ့ရသည်။ 

ကျော်မင်းဦး၏ Sky Aviator Company Ltdအပါအဝင် စစ်အာဏာရှင်အုပ်စုအတွက် လက်နက်အထောက်အပံ့ရရှိရေး လုပ်ပေးနေသည့် Synpex Shwe Company Ltd နှင့် Myanmar New Era Trading Company Ltd တို့ကို ဗြိတိန်အစိုးရကလည်း ၂၀၂၂ ခုနှစ် ဇွန်လကတည်းက ပိတ်ဆို့အရေးယူထားခြင်းဖြစ်သည်။