တရုတ်နိုင်ငံတွင် အမျိုးသမီးအုပ်စုတစ်ခုကို လူမဆန်စွာ တိုက်ခိုက်ခဲ့ရာတွင် ဦးဆောင်ပါဝင်ခဲ့သည့် တရုတ်အမျိုးသားတစ်ဦးကို စက်တင်ဘာလ (၂၃) ရက်နေ့က ထောင်ဒဏ် (၂၄) နှစ် ချမှတ်လိုက်သည်။
တရုတ်အရှေ့မြောက်ပိုင်း ဟဲပေ ပြည်နယ်အတွင်း Tangshan မြို့ရှိ အကင်ဆိုင်တစ်ဆိုင်တွင် ဇွန်လ (၁၀) ရက်နေ့ နံနက် (၂) နာရီ (၄၀) မိနစ်ဝန်းကျင်က ဖြစ်ပွားခဲ့သည့် ထိုတိုက်ခိုက်မှုဖြစ်ရပ်ကို မြင်တွေ့ရပြီးနောက် တရုတ်ပြည်သူများကြား တုန်လှုပ်ခဲ့ရပြီး ဒေါသတကြီး တုံ့ပြန်ပြောဆိုမှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သည်။
ထိုဖြစ်ရပ်တွင် Chen Jizhi အမည်ရှိ အမျိုးသားက အမျိုးသမီးအုပ်စုထဲမှ တစ်ဦးကို ထိကပါး ရိကပါးလုပ်ခဲ့ရာ ငြင်းပယ်ပြောဆိုခံရပြီးနောက် ၎င်းက ထိုအမျိုးသမီးအုပ်စုကို စတင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဘေဂျင်းမြို့အရှေ့ဘက် Tangshan မြို့ရှိ အကင်ဆိုင်တွင် ဖြစ်ပွားခဲ့သည့် ထိုတိုက်ခိုက်မှုဖြစ်ရပ်အတွင်း Chen နှင့်အတူ အခြား တရားခံ (၄) ဦးက အမျိုးသမီး (၄) ဦးကို ထိုင်ခုံများ၊ ပုလင်းများဖြင့် ရိုက်နှက်သလို လက်သီးနှင့်ထိုးပြီး ကန်ကျောက်ခဲ့ကြကြောင်း တရားရုံးက စက်တင်ဘာလ (၂၃) ရက်တွင် ပြောသည်။
ပဥ္စမမြောက် တရားခံအမျိုးသားမှာ အမျိုးသမီးများအနက်မှ တစ်ဦးကို ရဲတပ်ဖွဲ့ထဲ ဖုန်းဆက်အကြောင်းကြားခြင်းမပြုရန် ခြိမ်းခြောက်မှုဖြင့် အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။
ထိုအမျိုးသမီးအုပ်စု တိုက်ခိုက်ခံရသည့် CCTV ဗီဒီယိုမှတ်တမ်းမှာ အွန်လိုင်းတွင် များစွာပျံ့နှံ့ခဲ့ပြီး တရုတ်ဆိုရှယ်မီဒီယာတွင် လူအများ ပြောဆိုဝေဖန်ကြသည့် အဓိက အကြောင်းအရာ ဖြစ်နေခဲ့သည်။
ထိုဖြစ်ရပ်နှင့်ပတ်သက်၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအဖြစ် လူအများက ပြောဆိုကြသော်လည်း တရုတ်အာဏာပိုင်များက အုပ်စုဖွဲ့ ရာဇဝတ်မှုကျူးလွန်မှုအဖြစ် ပုံဖော်ခဲ့ကြောင်းလည်း သိရသည်။
တရုတ်တရားရုံးက Chen မှာ ရာဇဝတ်ဂိုဏ်း၏ ခေါင်းဆောင်ဖြစ်ကြောင်းနှင့် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း ပြောသည်။
Chen ကို ခိုက်ရန်ဖြစ်ပွားမှု၊ ရန်ရှာမှု၊ လုယက်မှု၊ လောင်ကစားဝိုင်းလုပ်မှု၊ အခြားလူများကို တရားမဝင် ထိန်းသိမ်းမှု၊ တမင်ရည်ရွယ်ပြီး ဒဏ်ရာအနာတရဖြစ်စေမှုတို့ဖြင့် စွဲချက်တင်ခဲ့ပြီး ထောင်ဒဏ် (၂၄) နှစ်နှင့် ယွမ် (၃၂၀,၀၀၀) ငွေဒဏ်ချမှတ်ခဲ့သည်ဟု ဆိုသည်။
တရားရုံးက စစ်ဆေးကြားနာမှုများအရ Chen နှင့် ဆက်နွယ်သည့် အခြား တရားခံ (၂၇) ဦးကိုလည်း (၆) လမှ (၁၁) နှစ်အတွင်း ထောင်ဒဏ်များ ချမှတ်လိုက်သည်။
အမျိုးသမီးများအခွင့်အရေး တက်ကြွလှုပ်ရှားသူများ၏ အဆိုအရ တရုတ်နိုင်ငံတွင် အိမ်တွင်းအကြမ်းဖက်မှုမှာ ကျယ်ကျယ်ပြန့်ပြန့် ရှိနေဆဲဖြစ်ပြီး တိုင်ကြားမှုနည်းပါးကြောင်းနှင့် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများမှာလည်း ရဲတပ်ဖွဲ့က နှောင့်ယှက်မှုနှင့် ထိန်သိမ်းမှုကို ပုံမှန် ကြုံတွေ့နေကြရကြောင်း သိရသည်။
တရုတ်နိုင်ငံတွင် အမျိုးသမီးများနှင့် ပတ်သက်၍ အတိုက်အခံလုပ်ခြင်း၊ ဆင်ဆာဖြတ်တောက်မှု များစွာရှိခြင်းနှင့် အကြမ်းဖက်ခံ အမျိုးသမီးများအတွက် ဥပဒေအရ အကာအကွယ်ပေးမှု၌ ဟာကွက်များရှိနေသော်လည်း အမျိုးသမီးဝါဒဆိုင်ရာ ဆွေးနွေးမှုများ ပိုမိုများပြားလာသည်ဟု ဆိုသည်။
Source: CNN, AFP