iPhone 14 Pro ကို ဦးဦးဖျားဖျား ကိုင်ချင်လို့ မိုင်ထောင်ချီ ခရီးနှင်ပြီး ဝယ်ယူခဲ့သည့် အိန္ဒိယအမျိုးသား

iPhone 14 Pro ကို ဦးဦးဖျားဖျား ကိုင်ချင်လို့ မိုင်ထောင်ချီ ခရီးနှင်ပြီး ဝယ်ယူခဲ့သည့် အိန္ဒိယအမျိုးသား
စက်တင်ဘာ 21, 2022 | နိုင်ငံတကာသတင်း
By Mr John

အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်မှ အမျိုးသားတစ်ဦးက အသစ်ထွက် iPhone 14 Pro ကို စောစောစီးစီး လက်ဝယ် ပိုင်ဆိုင်ချင်တာကြောင့် မိုင်ထောင်ချီ ခရီးနှင်ပြီး ဒူဘိုင်းတွင် သွားရောက်ဝယ်ယူခဲ့ကြောင်း သိရသည်။ 

iPhone 14 Pro ကို အိန္ဒိယတွင် စတင်ရောင်းချခြင်း မပြုမီ နာရီပိုင်းတွင် ၎င်းက ဒူဘိုင်း၌ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

Dheeraj Palliyil ဆိုသူ iPhone ရူးသွပ်သူ အိန္ဒိယအမျိုးသားက ကမ္ဘာပေါ်တွင် အသစ်ထွက် iPhone အမျိုးအစားကို ပထမဆုံး ကိုင်ခွင့်ရသူ အနည်းငယ်ထဲ၌ ပါဝင်နိုင်ရန် မိုင်ပေါင်း (၁,၇၀၀) နီးပါး လေယာဥ်စီးပြီး ဒူဘိုင်းသို့သွားရောက် ဝယ်ယူခဲ့သည်ဟု ဆိုသည်။ 

၎င်းက လေယာဥ်လက်မှတ်ခ ရူပီး (၄၀,၀၀၀) (အမေရိကန်ဒေါ်လာ ၅၀၀) နှင့် iPhone အသစ်အတွက် ရူပီး (၁၂၉,၀၀၀) (အမေရိကန်ဒေါ်လာ ၁,၆၀၀) ကျော် သုံးစွဲခဲ့ကြောင်း သိရသည်။

iPhone မှာ ကမ္ဘာတဝန်းတွင် လူအများစု လိုချင်တပ်မက်ကြသည့် စမတ်ဖုန်းများအနက် တစ်ခုဖြစ်သည်။ 

၂၀၀၇ ခုနှစ်တွင် ပထမဆုံး iPhone အမျိုးအစားကို Apple က စတင်မိတ်ဆက်ခဲ့ပြီး မိုဘိုင်းဖုန်းနည်းပညာကို တော်လှန်ခဲ့သည်။ 

iPhone မှာ Apple ကုမ္ပဏီ၏ ကြီးမားသည့် အောင်မြင်မှုနောက်ကွယ်မှ အဓိက အကြောင်းရင်းတစ်ခုလည်း ဖြစ်နေသည်။

iPhone အမျိုးအစားသစ် ထွက်ရှိလာချိန်တိုင်းတွင် ကမ္ဘာတဝန်းရှိ Apple စတိုးဆိုင်များတွင် iPhone ရူးသွပ်သူများက ဦးဦးဖျားဖျား ဝယ်ယူရန် စိတ်ရှည်လက်ရှည် တန်းစီးစောင့်ဆိုင်းနေကြသည်ကို တွေ့ရလေ့ရှိသည်။ 

အသက် (၂၈) နှစ်အရွယ် အိန္ဒိယသား Palliyil မှာလည်း ထိုသို့ iPhone ရူးသွပ်သူတစ်ဦးဖြစ်ပြီး ယခုတစ်ကြိမ်မှာ iPhone အသစ်ဝယ်ရန် ဒူဘိုင်းသို့သွားရောက်မှု စတုတ္တအကြိမ်မြောက်လည်း ဖြစ်သည်။

၎င်းက ၂၀၁၇ ခုနှစ်တွင် iPhone 8 ထွက်ရှိခဲ့စဥ် ဒူဘိုင်းသို့ ပထမဆုံးအကြိမ် သွားရောက်ဝယ်ယူခဲ့ပြီး ၂၀၁၉ နှင့် ၂၀၂၁ ခုနှစ်တို့တွင်လည်း အလားတူ သွားရောက်ခဲ့သေးသည်။ 

"စောင့်မနေချင်ဘူးဗျ။ iPhone အသစ် ပထမဆုံးရတဲ့သူတွေထဲမှာပါဖို့ Apple စတိုးဆိုင်ရှေ့မှာ စောင့်ဆိုင်းနေရတဲ့ စိတ်လှုပ်ရှားမှုကို ကြိုက်တယ်" ဟု Palliyil က ပြောသည်။ 

၎င်းက နောက်ဆုံးထွက်ရှိသည့် iPhone ကို စက်တင်ဘာလ (၁၆) ရက်နေ့တွင် ဒူဘိုင်းရှိ ဈေးဝယ်စင်တာတစ်ခုကနေ ဝယ်ယူလာခဲ့သည်။

"အရင် iPhone တွေတုန်းက နိုင်ငံခြားမှာ စရောင်းပြီးတော့ ၁၀ ရက်၊ ၁၅ ရက်ကြာမှ အိန္ဒိယမှာ ရောင်းတာဗျ။ ဒီတစ်ခါကျတော့ အိန္ဒိယမှာ နာရီပိုင်းကြာပြီးတာနဲ့ စရောင်းတာပဲ။ ဒါပေမဲ့ နောက်ဆုံးပေါ်  iPhone ကို ဒူဘိုင်းမှာဝယ်ဖို့က အခု ကျွန်တော် ထုံးထမ်းစဥ်လာ ဖြစ်လာတယ်"ဟု Palliyil က ပြောသည်။ 

ရုပ်ရှင်/ဗီဒီယို ရိုက်ကူးရေးပညာရှင်နှင့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ Palliyil က နည်းပညာဝါသနာအိုးဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် ကွယ်လွန်ခဲ့သည့် Apple ပဲ့ကိုင်ရှင် Steve Jobs  အလွန်လေးစားအားကျသည်ဟု ဆိုသည်။



Source: BBC