နိုင်ငံသားများ၏ အနာဂတ်ကို ထိခိုက်စေမှုအတွက် သမ္မတ ပူတင် နုတ်ထွက်ရန် ရုရှားနိုင်ငံရေးသမားများက တောင်းဆို 

နိုင်ငံသားများ၏ အနာဂတ်ကို ထိခိုက်စေမှုအတွက် သမ္မတ ပူတင် နုတ်ထွက်ရန် ရုရှားနိုင်ငံရေးသမားများက တောင်းဆို 
စက်တင်ဘာ 14, 2022 | နိုင်ငံတကာသတင်း
By Mr John

 ရုရှားနိုင်ငံအတွင်း မော်စကိုနှင့် စိန့်ပီတာစဘတ်မြို့မှ ဒါဇင်နှင့်ချီသည့် နိုင်ငံရေးသမားများက ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ရာထူးမှ နုတ်ထွက်ရန် စက်တင်ဘာလ (၁၂) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အိတ်ဖွင့်ပေးစာတစ်စောင်၌ တောင်းဆိုထားကြောင်း သိရသည်။ 

သီတင်းပတ်ကုန်တွင် ပြုလုပ်ခဲ့သည့် ဒေသဆိုင်ရာ ရွေးကောက်ပွဲများတွင် မဲမသမာမှုများရှိခြင်းနှင့် ယူကရိန်းတပ်ဖွဲ့များက တန်ပြန်ထိုးစစ်ဖြင့် နယ်မြေများပြန်သိမ်းခဲ့ပြီးနောက် ရုရှားသမ္မတပူတင်ကို ရာထူးမှ နုတ်ထွက်ရန် လူသိရှင်ကြား တောင်းဆိုမှုရှိလာခဲ့ကြောင်း Newsweek သတင်းက ဆိုသည်။

သမ္မတပူတင်အနေဖြင့် ယူကရိန်းနိုင်ငံကို ကျူးကျော်မှု လုပ်ရပ်များက ရုရှားနှင့် ၎င်း၏နိုင်ငံသားများ၏ အနာဂတ်ကို ထိခိုက်နစ်နာစေကြောင်း စိန့်ပီတာစဘတ်မြို့၏ Semyonovsky ခရိုင် လက်ထောက်အုပ်ချုပ်ရေးမှူး Ksenia Torstrem က Twitter တွင် မျှဝေထားသော တာဝန်ရှိသူ နိုင်ငံရေးသမားများ စုပေါင်းလက်မှတ်ရေးထိုးထားသည့် အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။ 

"ရုရှားပြည်ထောင်စု၏ သမ္မတရာထူးမှ ဗလာဒီမာပူတင် နုတ်ထွက်ရေး ကျွန်ုပ်တို့ တောင်းဆိုသည်" ဟု မော်စကိုနှင့် စိန့်ပီတာစဘတ်မှ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူ လွှတ်တော်အမတ် (၁၉) ဦးက ကနဦး လက်မှတ်ရေးထိုးထားသည့် အိတ်ဖွင့်ပေးစာတွင် ပြောထားသည်။

Torstrem ၏ အဆိုအရ နောက်ထပ် အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ (၈၄) ဦးကလည်း စက်တင်ဘာလ (၁၂) ရက်နေ့တွင် ပါဝင်လက်မှတ်ရေးထိုးကြသည်ဟု သိရသည်။ 

အိတ်ဖွင့်ပေးစာတွင် အသက် (၆၉) နှစ်အရွယ် ပူတင်၏ သမ္မတသက်တမ်းရှည်ကြာမှုကိုလည်း ဝေဖန်ထောက်ပြထားသည်ဟု ဆိုသည်။ 

ရုရှား၏ ဒေသဆိုင်ရာ ရွေးကောက်ပွဲများတွင် မဲဝယ်ခြင်း၊ ခြိမ်းခြောက်မဲထည့်စေခြင်းကဲ့သို့ မဲမသမာမှု ဒါဇင်နှင့်ချီရှိခဲ့ကြောင်း လွတ်လပ်သည့် ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့ Golos က ပြောသည်။

ထိုအတောအတွင်း ယူကရိန်းအရှေ့မြောက်ပိုင်း Kharkiv နယ်မြေတွင် ရုရှားသိမ်းပိုက်ထားခဲ့သည့် နေရာအများအပြားကို ယူကရိန်းတပ်ဖွဲ့များက တန်ပြန်ထိုးစစ်ဖြင့် ပြန်လည်ရယူခဲ့ပြီး ရုရှားတပ်ဖွဲ့များ ဆုတ်ခွာနေရကြောင်းလည်း သိရသည်။ 

ယူကရိန်းတပ်ဖွဲ့များက ယခင် ရုရှားသိမ်းပိုက်ခဲ့သည့် နိုင်ငံအရှေ့ပိုင်း နယ်မြေအကျယ်အဝန်း (၁,၁၆၀) စတုရန်းမိုင်နီးပါးကို ပြန်လည်ရယူနိုင်ခဲ့သည်။

Source: Newsweek, The Moscow Times, Daily Mail