NUG ကို အားပေးသည့်  မလေးရှားက လွှဲ၍ အာဆီယံအဖွဲ့ဝင် ကျန် (၈)နိုင်ငံကို ပြည်ဝင်ခွင့် ဗီဇာကင်းလွတ်ကြောင်း စစ်ကောင်စီအဖွဲ့ ကြေညာ

NUG ကို အားပေးသည့်  မလေးရှားက လွှဲ၍ အာဆီယံအဖွဲ့ဝင် ကျန် (၈)နိုင်ငံကို ပြည်ဝင်ခွင့် ဗီဇာကင်းလွတ်ကြောင်း စစ်ကောင်စီအဖွဲ့ ကြေညာ
သြဂုတ် 31, 2022 | အခြားဒေသများ

 အာဆီယံခေါင်းဆောင်များကို NUG အစိုးရနှင့် ထိတွေ့ဆက်ဆံရန်ပြောဆိုနေသည့် မလေးရှားနိုင်ငံမှလွဲ၍ ကျန်အာဆီယံနိုင်ငံများကို ပြည်ဝင်ခွင့်ဗီဇာကင်းလွတ် ခွင့်ပြုကြောင်း အာဏာသိမ်းစစ်ကောင် စီက ယနေ့ဩဂုတ်လ ၃၁ ရက်တွင် ထုတ်ပြန် သည်။

မြန်မာနိုင်ငံအနေဖြင့် Covid-19 ကပ်ရောဂါကာလ အလွန်တွင် ပြည်ဝင်ခွင့်ဆိုင်ရာ ကန့်သတ်မှုများကို ပြန်လည်ဖြေလျော့ရာတွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ အနက် ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှားနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် ဘရူနိုင်းဒါရူဆလမ်နိုင်ငံတို့ကို မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံအကြား သံတမန်/အထူး နှင့် သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများအတွက် နှစ်နိုင်ငံ ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြည်ဝင်ဗီဇာ ကင်းလွတ်ခွင့်ကို ၂၀၂၂ခုနှစ် စက်တင်ဘာလ(၁)ရက် မှစတင်၍ ပြန်လည်ခွင့်ပြုမည်ဟု ထုတ်ပြန်ထားသည်။

ယင်းသို့ ပြည်ဝင် ဗီဇာ ကင်းလွတ်ခွင့်ဖြင့် မြန်မာနိုင်ငံသို လာရောက်မည့် ခရီးသွားများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ နောက်ဆုံး ထုတ်ပြန်ထားသည့် ကျန်းမာရေးစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်သွားရမည်ဟုလည်း ဆိုသည်။

မည်သည့်အတွက်ကြောင့် မလေးရှားနိုင်ငံကို ချန်လှပ်ထားခဲ့သည်ကိုမူ ထုတ်ပြန်ထားခြင်းမရှိပေ။

မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံအစည်းအဝေးများတွင် စစ်ကောင်စီကို မတက်ရောက်ရန်နှင့် အာဏာသိမ်းခြင်းအား ရှုတ်ချကန့်ကွက်ခြင်း၊ အာဆီယံ၏ ဖြေရှင်းမှုကို အားမရခြင်းအပြင် မြန်မာ့အရေးနှင့်ပတ်သက် မလေးရှားနိုင်ငံခြားရေးဝန်ကြီးကများစွာ မှတ်ချက်ပြုထားခြင်းဖြစ်သည်။