စပိန်နိုင်ငံတွင် အပူလှိုင်းဖြတ်သန်းမှုနှင့်အတူ အပူချိန်များ (၄၀) ဒီဂရီဆဲလ်စီးယပ် အထက်သို့ မြင့်တက်နေရာ မက်ဒရစ်မြို့ရှိ တိရိစ္ဆာန်ရုံ၏ ထိပ်တန်းနာမည်ကြီး Bing Xing ပန်ဒါဝက်ဝံကြီးနှင့် အခြား တိရိစ္ဆာန်များကို အပူဒဏ်ခံစားရမှု သက်သာစေရန် ရေခဲချောင်းများ ကျွေးနေရကြောင်း သိရသည်။
ပန်ဒါဝက်ဝံကြီး Bing Xing က ဖရဲသီးရေခဲချောင်းကို နှစ်နှစ်ခြိုက်ခြိုက် စားနေခဲ့သည်ကို ဇူလိုင်လ (၁၃) ရက်နေ့တွင် တွေ့ရသည်။
Bing Xing က ၎င်း၏ နေ့စဥ်ရိက္ခာ (၅၀) ကီလိုဂရမ်အပြင် ဖရဲသီးရေခဲချောင်းကိုလည်း နှစ်ခြိုက်စား စားနေခဲ့သည်။
မက်ဒရစ်တိရိစ္ဆာန်ရုံတွင် ခြင်္သေ့ သို့မဟုတ် ဖျံကဲ့သို့ သားရဲတိရိစ္ဆာန်တွေကို အပူဒဏ်ခံစားရမှု သက်သာစေရန် ၎င်းတို့၏ နေ့စဥ်အစားအစာပေါ်မူတည်၍ အမဲသား သို့မဟုတ် ငါးဖြင့် ပြုလုပ်ထားသည့် ရေခဲချောင်းများကျွေးနေသည်။
ထို့အပြင် တိရိစ္ဆာန်ရုံဝန်ထမ်းတွေက တိရိစ္ဆာန်များ အပူသက်သာစေရန် ရေဖြန်းပေးနေသည်ဟု ဆိုသည်။
အပူလှိုင်းမှာ အထွတ်အထိပ်သို့ ရောက်လာမည်ဟု ခန့်မှန်းထားပြီး စပိန်နိုင်ငံ၏ နေရာဒေသများတွင် အလွန်အမင်း ပူပြင်းမှုအတွက် အနီရောင်အဆင့် သတိပေးချက်များ ထုတ်ပြန်ထားသည်။
စပိန်တွင် အပူချိန်မြင့်တက်မှုကြောင့် တောမီးလောင်မှုများလည်း ဖြစ်ပွားနေခဲ့ကြောင်း သိရသည်။
ဥရောပတွင် စပိန်ကဲ့သို့ပင် ပေါ်တူဂီနှင့် ပြင်သစ်နိုင်ငံတို့တွင်လည်း အပူလှိုင်းကြောင့် အလွန်ပူပြင်းနေပြီး ယခုသီတင်းပတ်အတွင်း တောမီးလောင်မှုများ ဖြစ်ပွားနေခဲ့သည်။
ဥရောပ၏ နေရာအများအပြားတွင် အပူလှိုင်းများ ပျံ့နှံ့ဖြစ်ပေါ်နေပြီး ပြင်းထန်လာကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့အစည်း World Meteorological Organisation က ဇူလိုင်လ (၁၂) ရက်နေ့၌ သတိပေးခဲ့သည်။
လူသားများကြောင့် ဖြစ်လာသည့် ရာသီဥတုပြောင်းလဲမှုကြောင့် မိုးခေါင်မှုများ၊ ပြင်းထန်သည့် တောမီးလောင်မှုများ လာမည့် (၂၈) နှစ်အတွင်း (၃၀) ရာခိုင်နှုန်း တိုးလာမည်ဟု ခန့်မှန်းထားကြောင်း ကုလသမဂ္ဂက ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလတွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်ခုက ဖော်ပြသည်။
Source: Reuters
Photo: REUTERS/Susana Vera, Dani Pozo / AFP, Robin Utrecht / ANP, Charles Dharapak / AP