စပိန်နိုင်ငံတွင် စက်တင်ဘာလမှစ၍ ရထားခရီးစဥ်အချို့ကို အခမဲ့စီးနိုင်မည်

Photo: CNN
Photo: CNN
စပိန်နိုင်ငံတွင် စက်တင်ဘာလမှစ၍ ရထားခရီးစဥ်အချို့ကို အခမဲ့စီးနိုင်မည်
ဇူလိုင် 14, 2022 | နိုင်ငံတကာသတင်း
By Mr John

 စပိန်နိုင်ငံတွင် စွမ်းအင်ဈေးနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း လျင်မြန်စွာ မြင့်တက်လာမှုကို တုံ့ပြန်ဆောင်ရွက်မှုအဖြစ် အစိုးရပိုင် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် ဈေးနှုန်းများကို ဇွန်လအတွင်း ထက်ဝက်လျှော့ချပေးထားခဲ့ရာမှ ယခုအခါတွင်မူ ရထားခရီးစဥ်အချို့ကို အများပြည်သူ အခမဲ့စီးနိုင်ရန် (၁၀၀) ရာခိုင်နှုန်း ဈေးလျှော့ပေးသွားရန် အစိုးရက စီစဥ်နေကြောင်း သိရသည်။ 

လာမည့် စက်တင်ဘာလမှစ၍ စပိန်အစိုးရပိုင် Renfe ရထားကုမ္ပဏီ၏ ရထားမျိုးစုံကို ခရီးသည်များ အခမဲ့စီးနိုင်မည်ဖြစ်သည်။

Renfe ရထားကုမ္ပဏီ၏ Cercanias နှင့် Rodalies ရထားခရီးစဥ်များနှင့် အလယ်အလတ် အကွာအဝေး ရထားခရီးစဥ်များကို စက်တင်ဘာလ (၁) ရက်နေ့မှစ၍ နှစ်ကုန်အထိ အခမဲ့ စီးနိုင်မည်ဖြစ်ကြောင်း စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်ချက်ဇ်က ကြေညာခဲ့သည်။ 

အခမဲ့စီးခွင့်ပြုသည့် အစီအစဥ်မှာ ရထားခရီးစဥ်တစ်ခုကို အကြိမ်ကြိမ် အသွားအပြန် စီးနေကျ ခရီးသည်များအတွက်ဖြစ်ပြီး တစ်ကြိမ်တည်းသာ စီးသူများ သို့မဟုတ် ခရီးရှည်သွားလာသူများ မပါဝင်ကြောင်းလည်း သိရသည်။

 အစိုးရပိုင်မဟုတ်သည့် အခြား ကုမ္ပဏီများ၏ ရထားခရီးစဥ်များကိုမူ အခမဲ့ စီးနိုင်မည် မဟုတ်ပေ။

စပိန်အစိုးရ၏ ရထားအခမဲ့စီးခွင့် အစီအစဥ်အရ ဘာစီလိုနာနှင့် ဆီဗီလာ သို့မဟုတ် မက်ဒရစ်နှင့် ဘီဘာအိုကဲသို့ မြို့များကြား အခမဲ့ ရထားစီးနိုင်မည်ဖြစ်သည်။ 

ဥရောပတွင် ဂျာမနီနိုင်ငံကလည်း ပြီးခဲ့သည့်လအတွင်း (၉) ယူရိုဖြင့် အကန့်အသတ်မရှိ လစဥ် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် အသုံးပြုနိုင်သော လက်မှတ်ရောင်းချပေးခဲ့သည်။ 

ထို့အတူ ဩစတြီးယားကလည်း ၂၀၂၁ ခုနှစ် နှောင်းပိုင်းတွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်အတွက် လက်မှတ်ခများကို အကြီးအကျယ် လျှော့ချပေးခဲ့ကြောင်း သိရသည်။

Source: CNN, Euro News