သီရိလင်္ကာတွင် ပြည်သူလူထု ဆန္ဒပြမှုများ အကြီးအကျယ် ပေါ်ပေါက်ခဲ့ကာ သမ္မတအိမ်တော် စီးနင်းခံရမှုနှင့် ဝန်ကြီးချုပ်နေအိမ် မီးရှို့ခံရမှုတို့ ဖြစ်ပွားခဲ့ပြီးနောက် သမ္မတ Gotabaya Rajapaksa က စစ်လေယာဥ်ဖြင့် နိုင်ငံမှ ထွက်ပြေးသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။
အသက် (၇၃) နှစ်အရွယ် သမ္မတ Gotabaya က ရာထူးမှ နုတ်ထွက်မည်ဟု ကတိပြုထားခဲ့ပြီး ဇူလိုင်လ (၁၃) ရက်နေ့တွင် ၎င်း၏ဇနီး၊ လုံခြုံရေးအရာရှိ (၂) ဦးတို့နှင့်အတူ စစ်လေယာဥ်ဖြင့် မော်လ်ဒိုက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သီရိလင်္ကာလေတပ်က အတည်ပြုခဲ့သည်။
သမ္မတ ထွက်ပြေးသွားခဲ့ပြီးနောက် ဝန်ကြီးချုပ် Ranil Wickremesinghe က ယာယီသမ္မတအဖြစ် တာဝန်ယူခဲ့ပြီး နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။
ကိုလံဘိုမြို့တော် ပါဝင်သည့် အနောက်ပိုင်းပြည်နယ်ကို ကာဖျူးအမိန့်ထုတ်ပြန်ထားကြောင်း သိရသည်။
သမ္မတ Gotabaya မှာ ဇူလိုင်လ (၉) ရက်နေ့တွင် ဆန္ဒပြသူများက သမ္မတအိမ်တော်ကို စီးနင်းဝင်ရောက်ခဲ့ကြပြီးနောက် ပုန်းအောင်နေခဲ့သည်။
သတင်းရင်းမြစ်တစ်ခုက BBC သတင်းဌာနကို ပြောကြားမှုအရ Gotabaya က မော်လ်ဒိုက်တွင် ရှိနေမည်မဟုတ်ကြောင်းနှင့် တတိယနိုင်ငံတစ်နိုင်ငံသို့ ဆက်လက် ထွက်ခွာမည်ဟု သိရသည်။
Gotabaya ညီဖြစ်သူ ဘဏ္ဍာရေးဝန်ကြီးဟောင်း Basil Rajapaksa လည်း သီရိလင်္ကာမှ ထွက်ပြေးသွားခဲ့ပြီး အမေရိကန်နိုင်ငံသို့ သွားနေပြီဟု ဆိုသည်။
သမ္မတ Gotabaya ထွက်ပြေးသွားပြီဆိုသည့် သတင်းနှင့်အတူ ကိုလံဘိုမြို့တော်တွင် ထောင်နှင့်ချီသော ပြည်သူလူထုက လမ်းပေါ်ထွက်လာခဲ့ကြပြီး ဆန္ဒပြမှုတွေ ပြုလုပ်လေ့ရှိရာ Galle Face Green တွင် အများအပြား စုရုံးခဲ့ကြသည်။
ဆန္ဒပြသူတွေက ဝန်ကြီးချုပ်ရုံးနှင့် လွှတ်တော်သို့ ဦးတည်ချီတက်လာခဲ့ကြရာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများသုံးပြီး လူစုခွဲခဲ့သည်။
ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ခဲ့ပြီးနောက် ဆန္ဒပြသူများက ဝန်ကြီးချုပ် Ranil Wickremesinghe ၏ ရုံးခန်းအတွင်းသို့ စီးနင်းဝင်ရောက်ခဲ့ကြကြောင်း သိရသည်။
ဆန္ဒပြသူများက ဝန်ကြီးချုပ်ကိုလည်း ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုနေကြသည်။
ဝန်ကြီးချုပ် Ranil Wickremesinghe က ရာထူးမှ နုတ်ထွက်ရန် ဇူလိုင်လ (၁၃) ရက်နေ့တွင် သဘောတူထားခဲ့သည်ဟု ဆိုသည်။
ဝန်ကြီးချုပ် Ranil Wickremesinghe က ဇူလိုင်လ (၁၃) ရက်နေ့တွင် ရုပ်မြင်သံကြားမိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပြီး တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး လိုအပ်သည့်အရာမှန်သမျှ လုပ်ဆောင်ရန် စစ်တပ်ကို အမိန့်ပေးခဲ့သည်။
၎င်း၏ရုံးခန်းနှင့် အခြား အစိုးရအဆောက်အအုံများတွင် စီးနင်းဝင်ရောက် နေရာယူထားသည့် ဆန္ဒပြသူများအားလုံးကို ထိုနေရာများမှ ပြန်ထွက်ခွာကြရန်နှင့် အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ကြရန်လည်း ဝန်ကြီးချုပ်က တိုက်တွန်းခဲ့သည်။
ဆန္ဒပြသူများက အစိုးရပိုင် Rupavahini ရုပ်မြင်သံကြားသတင်းဌာန အဆောက်အအုံကိုလည်း စီးနင်းခဲ့ကြပြီးနောက် ထုတ်လွှင့်မှုများ ရပ်ဆိုင်းထားကြောင်းလည်း သိရသည်။
သမ္မတ Gotabaya က တာဝန်ခံမှုမရှိဘဲ နိုင်ငံမှ ထွက်ပြေးသွားခြင်းကို ဆန္ဒပြသူအချို့က ဒေါသထွက်နေခဲ့ကြသည်။
"ကျွန်တော်တို့ ဒါကို မကြိုက်ဘူး။ ကျွန်တော်တို့ သူ့ကို ထိန်းသိမ်းထားချင်တယ်။ ကျွန်တော်တို့ရဲ့ငွေတွေ ပြန်လိုချင်တယ်။ Rajapaksa အားလုံးကို လယ်လုပ်လို့ရတဲ့ အကျဥ်းစခန်းထဲ ထည့်ထားချင်တယ်" ဟု ဆန္ဒပြသူ GP Nimal က ပြောဆိုခဲ့သည်။
သီရိလင်္ကာတွင် ၁၉၄၈ ခုနှစ်တွင် ဗြိတိန်လက်အောက်မှ လွတ်လပ်ရေးရခဲ့ပြီးနောက် နှစ်ပေါင်း (၇၀) အတွင်း အဆိုးဆုံး စီးပွားရေးအကျပ်အတည်း ကြုံနေခဲ့ရပြီး ရက်သတ္တပတ်များကြာ လောင်စာဆီ၊ လျှပ်စစ်ဓာတ်အား၊ စားနပ်ရိက္ခာနှင့် အခြား မရှိမဖြစ် ပစ္စည်းများ ပြတ်လပ်မှုများ ဖြစ်ပေါ်နေခဲ့သည်။
အထွေထွေအကျပ်အတည်းများနှင့်အတူ သမ္မတ Gotabaya ကို ရာထူးမှ နုတ်ထွက်ရန် ဆန္ဒပြမှုများလည်း လနှင့်ချီကြာ နေ့စဥ်ရက်ဆက် ပေါ်ပေါက်နေခဲ့သည်။
Source: BBC, Reuters
Photo: GETTY IMAGES, REUTERS/Adnan Abidi