ပါကစ္စတန်နိုင်ငံ ကရာချိမြို့တွင် မိုးသည်းထန်ပြီး ရေကြီးမှုကြောင့်  အဓိကလမ်းမကြီးတွင် စက်လှေများသုံးပြီး ကယ်ဆယ်ရေးလုပ်ခဲ့ရ

ပါကစ္စတန်နိုင်ငံ ကရာချိမြို့တွင် မိုးသည်းထန်ပြီး ရေကြီးမှုကြောင့်  အဓိကလမ်းမကြီးတွင် စက်လှေများသုံးပြီး ကယ်ဆယ်ရေးလုပ်ခဲ့ရ
ဇူလိုင် 12, 2022 | နိုင်ငံတကာသတင်း
By Mr John

ပါကစ္စတန်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် နိုင်ငံ၏ အကြီးဆုံးမြို့နှင့် ဘဏ္ဍာရေးမြို့ဖြစ်သည့် ကရာချိမြို့၏ နေရာအများအပြား၌ ဇူလိုင်လ (၁၁) ရက်နေ့က ရေကြီးရေလျှံမှုနှင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ 

ကရာချိမြို့ရှိ မြေအောက်လမ်းကူးနေရာ အများစုတွင် ရေကြီးနေခဲ့ပြီး ရေများစုပ်ထုတ်ရန် နေရာမရှိကြောင်း နှင့် ကရာချိတွင် (၃) နာရီအတွင်း မကြုံစဖူး မိုးရေချိန် (၄.၉) လက်မအထိ ရွာသွန်းခဲ့ကြောင်း Sindh ပြည်နယ် ဝန်ကြီးချုပ် Murad Ali Shah က သတင်းထောက်များကို ပြောခဲ့သည်။ 



ကရာချိအပါအဝင် Sindh ပြည်နယ်တွင် ပြီးခဲ့သည့်လအတွင်း မုတ်သုံမိုးများ စတင်ရွာသွန်းခဲ့ချိန်နောက်ပိုင်း မိုးသည်းထန်းမှုများအတွင်း သေဆုံးသူ (၃၀) ဦးရှိဖြစ်ကြောင်းလည်း သိရသည်။ 

ကရာချိမြို့ရှိ Defence Housing Authority (DHA) နှင့် Clifton ကဲ့သို့ လူကုံထံအသိုင်းအဝိုင်း နေထိုင်ကြရာ နေရာများ၏ လမ်းမများ ရေလွှမ်းခဲ့ပြီး အိမ်များအတွင်းသို့ ရေများစီးဝင်နေသည်ဟု ဆိုသည်။ 

ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ပါကစ္စတန်ဗဟိုဘဏ်အပါအဝင် ဘဏ်ရုံးချုပ်များ တည်ရှိရာ ကရာချိမြို့၏ အဓိက လမ်းမကြီးမှာလည်း ရေကြီးခဲ့ပြီး ကယ်ဆယ်ရေးသမားများက သောင်တင်နေသူများကို စက်လှေများသုံးပြီး ခေါ်ထုတ်ခဲ့ရသည်။

ပါကစ္စတန်ရေတပ်ကလည်း ရေဘေးကယ်ဆယ်ရေးတွင် ပါဝင်ဆောင်ရွက်နေကြောင်း ရေတပ်က ထုတ်ပြန်ချက်တွင် ပြောထားသည်။ 

"ကရာချိမြို့မှာ မိုးသည်းထန်တာကြောင့် ကြေကွဲစရာ ဆုံးရှုံးမှုတွေအတွက် အလွန်ဝမ်းနည်းရပါတယ်" ဟု ပါကစ္စတန်ဝန်ကြီးချုပ် ရှီဘက်ဇ်ရှရစ်ဖ်က Twitter တွင် ရေးသားထားပြီး ကရာချိအုပ်ချုပ်ရေးအဖွဲ့အတွက် ဖြစ်နိုင်သမျှ ပံ့ပိုးမှုအားလုံး ပေးသွားမည်ဟုလည်း ၎င်းကဆိုသည်။

 Quetta မြို့နှင့် ကရာချိမြို့ကို ဆက်သွယ်ထားသော အမြန်လမ်းမ၏ လမ်းပိုင်းအချို့မှာ ရုတ်တရက် ရေကြီးမှုအတွင်း ရေတိုက်စားပျက်စီးခဲ့မှုကြောင့် ယာဥ်အသွားအလာ ပိတ်ထားခဲ့ရကြောင်း သိရသည်။

ပါကစ္စတန်အနောက်တောင်ပိုင်း Balochistan ပြည်နယ်တွင် Winder မြစ် မြစ်ရေလျှ့ပြီး နေအိမ်များတွင်း ရေများဝင်ရောက်ခဲ့ကာ Lasbela ခရိုင်အတွင်းရှိ ကျေးရွာတစ်ဒါဇင်ခန့်မှာ ရေလွှမ်းနေခဲ့သည်။ 

ရေတပ်နှင့် ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ရေလွှမ်းနေသည့် ကျေးရွာများမှ လူ (၅၀၀) ခန့်ကို ကယ်ဆယ်ခဲ့ကြောင်း အစိုးရတာဝန်ရှိသူ Farhan Suleman Ranjho က Reuters သတင်းဌာနကို ပြောခဲ့သည်။ 

ပြီးခဲ့သည့် သီတင်းပတ်အတွင်း Balochistan ပြည်နယ်တွင် ရေကြီးမှုကြောင့် ဆည် (၈) ခု ကျိုးပေါက်ခဲ့ရာ မတူညီသည့် နေရာများတွင် လူ (၆၄) ဦး သေဆုံးခဲ့သည်။ ပါကစ္စတန်မိုးလေဝသဌာနက လာမည့် ရက်များအတွင်း မိုးပိုမိုရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားသည်။

#TachileikNewsAgency

Source: Reuters

Photo: REUTERS/Akhtar Soomro