အမေရိကန်နိုင်ငံ အီလီနွိုက်စ်ပြည်နယ် Highland Park တွင် လူ (၆) ဦးသေဆုံးခဲ့သည့် ဇူလိုင် (၄) ရက်နေ့ လွတ်လပ်ရေးနေ့၏ ချီတက်ပွဲတွင် ပစ်ခတ်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
သေနတ်သမားက ဈေးဆိုင်တစ်ဆိုင်၏ အမိုးပေါ်ကို နောက်ဖေးလမ်းကြားတစ်ခုမှ လှေကားဖြင့်တက်ပြီး လွတ်လပ်ရေးနေ့ ချီတက်ပွဲ လူအုပ်စုကို ပစ်ခတ်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။
ချီကာဂိုဆင်ခြေဖုံး Highland Park မြို့တွင် ဖြစ်ပွားခဲ့သည့် ယခုပစ်ခတ်မှုအတွင်း လူ (၃၆) ဦး ဒဏ်ရာရခဲ့ပြီး ပစ်ခတ်မှုဖြစ်ပွားပြီးနောက် နာရီပိုင်းအကြာတွင် အသက် (၂၂) နှစ် အရွယ် Robert E Crimo III ကို ဖမ်းမိခဲ့ပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
ကနဦးတွင် Robert ကို သံသယရှိသူအဖြစ် သတ်မှတ်ထားခဲ့သော်လည်း ၎င်းကို ဖမ်းဆီးရမိပြီးနောက် လွတ်လပ်ရေးနေ့ ချီတက်ပွဲကို ပစ်ခတ်ခဲ့သူဖြစ်ကြောင်း ယုံကြည်ရသည်ဟု ရဲတပ်ဖွဲ့က ပြောခဲ့သည်။
ဒေသစံတော်ချိန် ဇူလိုင်လ (၄) ရက်နေ့ နံနက် (၁၀)နာရီ (၁၅) မိနစ်ဝန်းကျင်က Highland Park တွင် လွတ်လပ်ရေးနေ့ ချီတက်ပွဲ စတင်ခဲ့ပြီးနောက် (၁၀) မိနစ်မျှအကြာ၌ သေနတ်သမားက ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
လတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပျော်ပွဲရွှင်ပွဲ ကျင်းပရန်စီစဥ်ထားခဲ့သော်လည်း ပစ်ခတ်မှုကြောင့် ကြောက်လန့်တကြား ပြေးလွှားကြရသည့်အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။
ပစ်ခတ်မှုကြောင့် လူ (၅) ဦး နေရာမှာတင် သေဆုံးခဲ့ပြီး နောက်တစ်ဦးမှာ အနီးအနားရှိ ဆေးရုံအရောက်တွင် သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးခဲ့သူတွေအနက် အသက် (၇၀) ကျော်အရွယ် Nicolas Toledo အမည်ရှိ အမျိုးသားတစ်ဦးလည်းပါဝင်ပြီး ၎င်းမှာ အချိန်ပြည့် ပြုစုစောင့်ရှောက်မှု လိုအပ်သူဖြစ်ရာ မိသားစုက လွတ်လပ်ရေးနေ့ ချီတက်ပွဲကို လက်လွတ်မခံချင်တာကြောင့် ၎င်းကို ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်ဟု BBC သတင်းတွင် ဖော်ပြသည်။
အမေရိကန်တွင် မကြာသေးမီကလည်း အစုလိုက်အပြုံလိုက် ပစ်ခတ်မှုများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။
ထိုပစ်ခတ်မှုဖြစ်ရပ်များအနက် မေလ (၁၄) ရက်နေ့က နယူးယော့ခ်ပြည်နယ် Buffalo မြို့ လူမည်းရပ်ကွက်တစ်ခုရှိ စူပါမက်ကတ်တွင် အသက် (၁၈) နှစ်အရွယ် လူဖြူအမျိုးသားတစ်ဦးက လူမျိုးရေးမုန်းတီးမှုအရ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လူ (၁၀) ဦး သေဆုံးခဲ့မှုနှင့် မေလ (၂၄) ရက်နေ့တွင် တက္ကဆက်ပြည်နယ် Uvalde မြို့ရှိ Robb မူလတန်းကျောင်းတွင် အသက် (၁၈) နှစ်အရွယ် သေနတ်သမားက စာသင်ခန်းအတွင်း ဝင်ရောက်ပစ်ခတ်ခဲ့မှုကြောင့် ကလေး (၁၉) ဦးနှင့် ဆရာမ (၂) ဦး သေဆုံးခဲ့မှုတို့က သေဆုံးမှုအများဆုံး ဖြစ်ရပ်နှစ်ခု ဖြစ်ခဲ့သည်။
Source: BBC, AFP