ထိုင်းနိုင်ငံတွင် COVID-19 သက်သာစေသည်ဟု နာမည်ကြီးနေသည့် ဖာ့ထလိုင်ကျုံတိုင်းရင်းဆေး အတုများ ဖမ်းမိ

ထိုင်းနိုင်ငံတွင် COVID-19 သက်သာစေသည်ဟု နာမည်ကြီးနေသည့် ဖာ့ထလိုင်ကျုံတိုင်းရင်းဆေး အတုများ ဖမ်းမိ

ထိုင်းနိုင်ငံတွင်  COVID-19  အတည်ပြုလူနာများကို သက်သာစေသည်ဟုဆိုကာ နာမည်ကြီးနေသည့် ဆေးခါးကြီးပင်မှ ထုတ်သည့်တိုင်းရင်းဆေး ဖာ့ထလိုင်ကျုံများကို အတုထုတ်လုပ်နေသည့်နေရာအား ၂၀၂၁ ခုနှစ် ဩဂုတ်လ (၂) ရက်နေ့က ရှာဖွေတွေ့ရှိဖမ်းဆီးရမိကြောင်း သိရသည်။

ဖာ့ထလိုင်ကျုံတိုင်းရင်းဆေးအတုများ ထုတ်လုပ်ရောင်းချနေကြောင်း သတင်းအရ စားသုံးသူကာကွယ်ရေးနှင့် FDA တို့ ပါဝင်သည့်အဖွဲ့က ဝယ်သူဟန်ဆောင်ကာ ဆေးပုလင်းပေါင်း (၁၀၀) ဝယ်မည်ဟု ဆက်သွယ်ကာ ရှာဖွေဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နခွန်ပထုန်ရှိ နေအိမ်တစ်လုံးတွင် ဖာ့ထလိုင်ကျုံတိုင်းရင်းဆေးအတုများကို လွန်ခဲ့သည့်တစ်လဝန်းကျင်ကတည်းက ထုတ်လုပ်နေခြင်းဖြစ်သည်ဟု သိရသည်။

အကိုက်အခဲပျောက်စေသည့် တိုင်းရင်းဆေး ဖာ့ထလိုင်ကျုံမှာ COVID 19 လူနာများကို သက်သာစေသည်ဟု လူပြောများရာမှ ဈေးကွက်တွင် ရောင်းအားကောင်းလာသဖြင့် ဆေးခါးကြီးကုန်ကြမ်းလည်း ရှားပါးလာရာ ခါးသည့် အရသာရှိ သစ်မှုန့်တစ်မျိုးဖြင့် အစားထိုးထုတ်လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

တိုင်းရင်းဆေးဝါးအတုများနှင့် ထုပ်လုပ်နေသည့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းထားပြီး ဥပဒေအရ အရေးယူရန်ဆောင်ရွက်နေသည်ဟု သိရသည်။

ကမ္ဘာ့ကပ်ရောဂါအသစ်ဖြစ်သည့် COVID 19  ကို ကုသနိုင်သည့်ဆေးမရှိသေးဘဲ ကာကွယ်ဆေးများကို စမ်းသပ်ထုတ်လုပ်နေဆဲဖြစ်သော်လည်း အဆိုပါဗိုင်းရပ်စ်စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံအပါအဝင် နိုင်ငံအချို့၌ တိုင်းရင်းဆေးများကို  COVID 19  သက်သာစေသည်ဟုဆိုကာ ဈေးကွက်တင်လာကြသည်များကိုလည်း တွေ့လာရခြင်းဖြစ်သည်။

ဖာ့ထလိုင်ကျုံခေါ် ဆေးခါးကြီးအပါအဝင် တိုင်းရင်းဆေးများမှာ COVID 19  ကို ကုသနိုင်သည့်အထောက်အထားများကို တွေ့ရှိထားခြင်း မရှိသေးကြောင်းလည်း သိရသည်။



#TachileikNewsAgency

Source: กระทรวงสาธารณสุข