ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ကျင်းပသည့် မြန်မာ - ထိုင်း နှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေးအကြား (၃၄)ကြိမ်မြောက် ဒေသဆိုင်ရာနယ်ခြားကော်မတီအစည်းအဝေး(RBC)အပြီး ထိုင်းအဖွဲ့က မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သွားရောက်တွေ့ဆုံသည်ကို အာဏာသိမ်းစစ်ကောင်စီက ၎င်း၏ ဝါဒဖြန့်သတင်းစာမျက်နှာများကနေ ထိုင်းကိုယ်စားလှယ်အဖွဲ့ က လာရောက် ဂါရဝပြုတွေ့ဆုံသည်ဟု သတင်းထုတ်ပြန်ထားရှိသည်။
ထိုင်းနိုင်ငံဘက်က အဖွဲ့ခေါင်းဆောင်အဖြစ် လာရောက်ပြီး အစည်းအဝေးတက်ရောက်ခဲ့သည် ထိုင်းဘုရင့်တော်မတော် အမှတ်(၃)တပ်မတော်နယ်မြေ၏ အကြီးအကဲဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး အပီချတ် ဆူဆတ် နှင့် အဖွဲ့တို့ သည် ၂၀၂၂ခုနှစ် ဇွန်လ(၂၉)ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်တွင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံ နယ်စပ်ရေးရာကိစ္စရပ်များ ထပ်မံဆွေးနွေးသည်ကို ဂါရဝပြုတွေ့ဆုံသည်ဟု သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။
မြန်မာ - ထိုင်း နှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေးအကြား (၃၄)ကြိမ်မြောက် ဒေသဆိုင်ရာနယ်ခြားကော်မတီအစည်းအဝေး(RBC)ကို ဇွန်လ(၂၉)ရက်နေ့ နံနက်ပိုင်းအထိ တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်ပြီးနောက် မွန်းလွဲပိုင်းတွင် ထိုင်းအဖွဲ့က နေပြည်တော်သို့သွားရောက်ကြခြင်း ဖြစ်သည်။
၎င်းတို့ တွေ့ဆုံပြီး ဆွေးနွေးရာတွင် မြန်မာ - ထိုင်း စစ်တပ်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့်ပြီး ဆောင်ရွက်ပါက နယ်စပ်ဒေသ တည်ငြိမ်ရေးလုပ်ငန်းများ နှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း နှင့် နှစ်နိုင်ငံ စစ်တပ်အချင်းချင်း ချစ်ကြည်ရေး အားကစားပြိုင်ပွဲများကျင်းပရေး အပြင် ချစ်ကြည်ရေးခရီးစဉ်များဖန်တီးရေး မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆွေးနွေးကြကြောင်း သိရသည်။
ယင်းအပြင် အထူးသဖြင့် ထိုင်းနိုင်ငံအတွင်းသို့ ရောက်ရှိနေသည့် လူငယ်များနှင့် CDM ဝန်ထမ်းများကို ပြန်လည်လက်ခံရေးကို ဆောင်ရွက်နေသည့်အတွက် ထိုင်းစစ်တပ်ကလည်း ထိုင်းနယ်စပ်ဒေသများကနေ မြန်မာနိုင်ငံကို အလွယ်တကူ ပြန်လည်ဝင်ရောက်နိုင်ရေး လိုအပ်သည့်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးသည်ဟု အာဏာသိမ်းစစ်တပ်၏ ဝါဒဖြန့် သတင်းစာမျက်နှာများက ဖော်ပြထားရှိသည်။
ဇွန်လ(၂၉)ရက်နေ့ နံနက်ပိုင်းအထိ ကျင်းပသည့် RBC အစည်းအဝေးတွင် နယ်စပ်ဒေသလုံခြုံရေး နှင့် နယ်စပ်ကုန်သွယ်ရေး မြှင့်တင်ခြင်းဆိုင်ရာ ကိစ္စရပ်များကို အခြေခံထားပြီး နယ်စပ်ဒေသ လုံခြုံရေး၊ ထိုင်းဘက်သို့ တရားမဝင် ဝင်ရောက်လာသူများကို ဖမ်းဆီးအရေးယူရေး၊ တာချီလိတ်ခရိုင် နှင့် ချင်းရိုင်းခရိုင်အကြား မြန်မာ - ထိုင်းနယ်စပ် မြန်မာဘက်က မူးယစ်ဆေးဝါးများ တရားမဝင်လမ်းကြောင်းကနေ တင်ပို့နေမှုများ နှင့် ထိုင်းဘက်ကနေ လက်နက်ခဲယမ်းများ တရားမဝင် သယ်ယူနေမှုကိစ္စရပ်များအပြင် နယ်စပ်ပြဿနာများကို ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးသည်ဟု ထိုင်းဘက်၏ သတင်းထုတ်ပြန်ထားချက်အရ သိရသည်။
ပြည်ပနိုင်ငံများ၏ ဆက်ဆံရေးများနှင့်ပတ်သက်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယခုလို ကာလများတွင် အခြားနိုင်ငံက စစ်မှုထမ်း အပါအဝင် သံတမန်ရေးရာများ နှင့် ထိတွေ့ဆက်ဆံမှုကို လိုလိုလားလား ဖြစ်နေသူ ဖြစ်သည်။
#TachileikNewsAgency