ရုရှားတပ်ဖွဲ့တွေက ယူကရိန်းအရှေ့ပိုင်းရှိ အရေးပါသည့် Severodonetsk မြို့ကို အပြည့်အဝ ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း မြို့တော်ဝန်က ဇွန်လ (၂၅) ရက်နေ့တွင် အတည်ပြု ပြောကြားခဲ့သည်။
သီတင်းပတ်များကြာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီးနောက် Severodnetsk ကို လက်လွှတ်လိုက်ရခြင်းမှာ ယူကရိန်းအတွက် တစ်လကျော်ကာလအတွင်း အကြီးဆုံး စစ်မြေပြင်၌ ဆုံးရှုံးမှုလည်းဖြစ်လာခဲ့သည်။
"ရုရှားတွေက Severodonetsk ကို အပြည့်အဝ ထိန်းချုပ်လိုက်ပါပြီ။ ကျွန်တော်တို့ စစ်တပ်က ကြိုတင်ပြင်ဆင်ထားတဲ့ နောက်ထပ် နေရာတွေကို ဆုတ်ခွာခဲ့ပါတယ်" ဟု မြို့တော်ဝန် Oleksandr Stryuk က ယူကရိန်းရုပ်မြင်သံကြားသတင်းဌာနကို ပြောခဲ့သည်။
ရုရှားက သီတင်းပတ်များကြာ အကြီးအကျယ် တိုက်ခိုက်ခဲ့မှုကြောင့် မြို့၏နေရာအများစုမှာ ပျက်စီးသွားခဲ့ကြောင်းလည်း သိရသည်။
Severodonetsk မြို့ရှိ Azot ဓာတုဗေဒစက်ရုံတွင် အရပ်သားအများအပြား ခိုလှုံနေကြကြောင်း နှင့် ယခုအခါ ထိုစက်ရုံမှထွက်ခွာရန် တစ်ခုတည်းသောလမ်းကြောင်းမှာ ရုရှားထိန်းချုပ် နယ်မြေမှတစ်ဆင့်ဖြစ်နေကြောင်း Stryuk က ပြောသည်။
ရုရှားလိုလားသည့် ယူကရိန်းခွဲထွက်ရေးသမား သူပုန်များနှင့် ရုရှာစစ်တပ်၏ အဆိုအရ ၎င်းတို့က Severodonetsk မြို့နှင့် မျက်နှာချင်းဆိုင် Siversky Donets မြစ်တစ်ဘက်ကမ်းရှိ Lysychansk မြို့ နေရာများအတွင်းသို့ ဝင်ရောက်ခဲ့ပြီဟု ဆိုသော်လည်း ယူကရိန်းအစိုးရ တာဝန်ရှိသူများက ထိုပြောဆိုမှုကို အတည်မပြုခဲ့ဟု ဆိုသည်။
၂၀၂၁ခုနှစ်၏ လူဦးရေစာရင်းအရ လူဦးရေ (၁၀၁,၀၀၀)ကျော် နေထိုင်သည့် Severodonetsk မြို့တွင် လမ်းပေါ်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး မြို့ခံများ ယခုအခါတွင် ထွက်ပြေးခဲ့ကြရသည်။
ရုရှားက ထိုမြို့ကို သိမ်းပိုက်လိုက်ခြင်းဖြင့် ယခုအခါ Luhansk ဒေသ၏ နေရာအားလုံးနီးပါးနှင့် ကပ်လျက်ရှိ Donetsk ဒေသ၏ နေရာအတော်များများကို ထိန်းချုပ်နိုင်ခဲ့ပြီလည်း ဖြစ်သည်။
Luhansk နှင့် Donetsk တို့မှာ ရုရှားက အပြည့်အဝ ထိန်းချုပ်ရန်ကြိုးပမ်းနေသော ဒွန်ဘတ်စ်ဒေသတွင် ပါဝင်သည်။
ရုရှားတပ်ဖွဲ့က ယူကရိန်း မြောက်ပိုင်းနှင့် အနောက်ပိုင်းရှိ ပစ်မှတ်များကို ဇွန်လ (၂၄) ရက် ညပိုင်းနှင့် ဇွန်လ (၂၅) ရက်တို့တွင် ဒုံးကျည်များဖြင့် တရစပ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ယူကရိန်းစစ်တပ်၏ အဆိုအရ ထိုတိုက်ခိုက်မှုများတွင် ပထမဆုံးအကြိမ်အဖြစ် ဘီလာရုစ်နိုင်ငံပေါ်ကနေ မြောက်ဘက်သို့ ပျံသန်းသည့် Tu-22 ဗုံးကြဲလေယာဥ်များမှ ဒုံးကျည်များ ပစ်လွှတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
Source: BBC, Reuteres