ကမ္ဘောဒီးယားနိုင်ငံအတွင်း မဲခေါင်မြစ်တွင် အလေးချိန် (၆၆၁) ပေါင်ရှိ ငါးလက်ထုံ ငါးကြီးတစ်ကောင်ကို ဖမ်းမိခဲ့ပြီး ယခုအချိန်အထိ တွေ့ရှိခဲ့ရဖူးသမျှ ကမ္ဘာ့အကြီးဆုံး ရေချိုငါးဖြစ်ကြောင်း သိပ္ပံပညာရှင်တွေက ပြောသည်။
ယခင်က ကမ္ဘာ့အကြီးဆုံး ရေချိုငါးအဖြစ် စံချိန်တင်ထားမှုမှာ မဲခေါင်မြစ်တွင် ဖမ်းမိခဲ့သည့် အလေးချိန် (၆၄၆) ပေါင်ရှိ ငါးခူကြီးတစ်ကောင်ဖြစ်ပြီး ၂၀၀၅ ခုနှစ်က ထိုင်းနိုင်ငံအတွင်း ဖမ်းမိခဲ့ကြောင်း သိရသည်။
ကမ္ဘာ့အကြီးဆုံး ရေချိုငါးအဖြစ် သတ်မှတ်ထားမှုများကို တရားဝင် မှတ်တမ်းတင်ထားခြင်း သို့မဟုတ် အချက်အလက် သိမ်းဆည်းထားခြင်း မရှိဟုဆိုသည်။
မဲခေါင်မြစ်တွင် သက်ရှိအမျိုးမျိုး အတူယှဥ်တွဲရှိနေကြသော်လည်း အလွန်အကျွံငါးဖမ်းခြင်း၊ ဆည်များတည်ဆောက်ခြင်းနှင့် ညစ်ညမ်းခြင်းတို့က ၎င်း၏ ထိခိုက်ပျက်စီးလွယ်သော ဂေဟစနစ်ကို ခြိမ်းခြောက်နေသည်။
မဲခေါင်မြစ်မှာ တိဘက်ကုန်းမြင့်ဒေသမှ တရုတ်၊ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် နိုင်ငံများတစ်လျှောက် ဖြတ်သန်းစီးဆင်းနေသည့် မြစ်ကြီးတစ်စင်းဖြစ်သည်။
"တိုက်ကြီး (၆) ခုမှာရှိတဲ့ မြစ်တွေနဲ့ ကန်တွေထဲက ဧရာမငါးကြီးတွေကို နှစ်ပေါင်း (၂၀) အတွင်း သုတေသနလုပ်ခဲ့မှုအရ ဒီငါးကြီးက တွေ့ဖူးသမျှထဲမှာ သို့မဟုတ် ကမ္ဘာတဝန်း ဘယ်နေရာမှာမဆို မှတ်တမ်းတင်ထားခဲ့ဖူးသမျှမှာ အကြီးဆုံး ရေချိုငါးကြီး ဖြစ်ပါတယ်" ဟု USAID က ရန်ပုံငွေထောက်ပံ့ထားသည့် Wonders of the Mekong သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးစီမံကိန်းကို ဦးဆောင်နေသူ ဇီဝဗေဒပညာရှင် Zeb Hogan က ပြောသည်။
Wonders of the Mekong စီမံကိန်းအဖွဲ့က Cambodian Fisheries Administration နှင့် ပူးပေါင်းဆောင်ရွက်ပြီး ငါးဖမ်းသမားများ ကွန်ရက်တစ်ခုတည်ဆောက်ထားကာ ကြီးမားသော သို့မဟုတ် မျိုးတုန်းပျောက်ကွယ်လု ငါးများကို ဖမ်းမိပါက အကြောင်းကြားရန် အစီအစဥ်လုပ်ထားခဲ့သည်။
ဇွန်လ (၁၃) ရက် ညတွင် Koh Preah ကျွန်းတွင် နေထိုင်သည့် ဒေသခံ ငါးဖမ်းသမားတစ်ဦးက အလွန်ကြီးမားသည့် ငါးလက်ထုံတစ်ကောင်ကို ဖမ်းမိခဲ့ကြောင်း သုတေသီများကို အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။
ထိုငါးကြီးမှာ (၁၃) ပေရှည်ပြီး ကန့်လန့်ဖြတ် ခန္ဓာကိုယ်အတိုင်းအတာ (၇) ပေကျော်ရှိကြောင်း သိရသည်။
ငါးကြီး၏ နောက်ပိုင်း သွားလာလှုပ်ရှားမှုကို သိရှိနိုင်ရန် ခြေရာခံစနစ် တပ်ဆင်ပေးခဲ့ပြီးနောက် မဲခေါင်မြစ်အတွင်းသို့ ပြန်လွှတ်ပေးလိုက်သည်။
ကြီးမားသည့် ငါးလက်ထုံ ရေချိုငါးမျိုးမှာ မျိုးတုန်းပျောက်ကွယ်လု ငါးမျိုးစိတ်လည်း ဖြစ်သည်။
ယခုငါးကြီးမှာ မေလနောက်ပိုင်း မဲခေါင်မြစ်အတွင်း ဖမ်းမိခဲ့သည့် ဒုတိယမြောက် ဧရာမ ငါးလက်ထုံ ငါးကြီးတစ်ကောင်ဖြစ်ပြီး အစောပိုင်းက အလေးချိန် (၃၉၉) ပေါင်ရှိ ငါးလက်ထုံတစ်ကောင်ကို ဖမ်းမိခဲ့သေးကြောင်း သိရသည်။
Source: BBC
Photo: Wonders of the Mekong