အာဏာသိမ်းစစ်အုပ်စုဘက်က လူ လက်နက် အင်အားအလုံးအရင်းဖြင့် ထိုးစစ် ဆင်နေသည့် ကန်ပက်လက်တွင် CDF အတွက် လက်နက် ခဲယမ်း အကူအညီများ လိုအပ်နေ

CDF ကန်ပက်လက်၏ စစ်ရေးဆိုင်ရာ သင်တန်းဆင်းပွဲ  [ Photo: CDF ကန်ပက်လက် ]
CDF ကန်ပက်လက်၏ စစ်ရေးဆိုင်ရာ သင်တန်းဆင်းပွဲ [ Photo: CDF ကန်ပက်လက် ]
အာဏာသိမ်းစစ်အုပ်စုဘက်က လူ လက်နက် အင်အားအလုံးအရင်းဖြင့် ထိုးစစ် ဆင်နေသည့် ကန်ပက်လက်တွင် CDF အတွက် လက်နက် ခဲယမ်း အကူအညီများ လိုအပ်နေ
ဇွန် 15, 2022

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို အာဏာသိမ်းစစ်အုပ်စု၏ တပ်က အင်အားအလုံးအရင်းနှင့် ထိုးစစ်ဆင်နေသဖြင့် CDF ကန်ပက်လက်အား လက်နက်၊ ခဲယမ်း အကူအညီပေးကြရန် ယနေ့ဇွန်လ (၁၅)ရက်တွင် တောင်းဆိုလာသည်။

အာဏာသိမ်းစစ်အုပ်စု၏ တပ်မှ အင်အား(၁၈၀)ကျော် ပါဝင်သည့် စစ်ကြောင်းသည် ဇွန်လ(၈)ရက်နေ့က စစ်‌ကြောင်းထိုးလာသဖြင့် ဇွန်လ(၁၃)ရက်အထိ (၅) ရက်ကြာ CDF ကန်ပက်လက်က အပြင်းအထန် ပြန်လည်ခုခံခဲ့ရာစ စ်ကောင်စီတပ်များ ပြန်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

ယနေ့ ဇွန်လ(၁၅)ရက်နေ့တွင် ၎င်းစစ်ကောင်စီတပ်သည် ကန်ပက်လက်မြို့နယ်၏ အရှေ့ဖက် မကွေးတိုင်းဒေသကြီး၊ လောင်းရှည်မြို့နယ်နှင့် ကျောက်ထုမြို့နယ်များ၌ အင်အားဖြည့်တင်းနေမှုများကြောင့် CDF ကန်ပက်လက်မှ အဆင်သင့် ပြင်ဆင်ထားရှိနိုင်ရန် လက်နက်အင်အား၊ ကျည်အင်အားအတွက် အကူအညီများလိုအပ် နေခြင်းဖြစ်ကြောင်း သိရသည်။

ဒါ့အပြင် CDF ကန်ပက်လက်သည် စစ်ကောင်စီတပ်များက ပြည် သူပိုင်နေအိမ်ကို ဖျက်ဆီးမှုများ၊ အပြစ်မဲ့ ပြည်သူများ၏ မိုးတွင်းရိက္ခာချွေးနည်းစာများကို ဖျက်ဆီးမှုများ ပြုလုပ်သွားသည့်အတွက် စစ်ဘေးသင့်ပြည်သူများအား အရေးပေါ်အကူအညီများ ပေးနေရသည်ဟု သိရသည်။

"ကာကွယ်ရေးဖက်တွင်လည်း လက်နက်အင်အားနည်းပါးခြင်းနှင့် စုစည်းခဲ့သမျှကျည်ဆံများ အကုန်နီးပါးထုတ်သုံးခဲ့ရမှုများကြောင့် အချိန်မီ ပြန်လည်ဖြည့်ဆည်းရန် လိုအပ်နေပါသည်။ မိဘပြည်သူ များအနေဖြင့် CDF-Kanpetlet ၏ မကြာမီအချိန်အတွင်း ကြုံလာရမည့် တိုက်ပွဲများအတွက် အချိန်မီ ဖြည့်ဆည်းနိုင်ရန်အတွက် တတ်နိုင်သည့်ဖက်မှ ပံ့ပိုးကူညီပေးကြပါရန် အရေးပေါ်အကူအညီ တောင်းခံအပ်ပါသည်။"ဟု ထုတ်ပြန်ထားသည်။

CDF ကန်ပက်လက်သည် အာဏာသိမ်းစစ်ကောင်စီကို ရရာလက်နက်၊ ရိုးရာတူမီးများဆွဲကိုင်ပြီး၂၀၂၁ခုနှစ်၊ မေလ(၁၃)ရက်မှစ၍ တော်လှန်တိုက်ပွဲဝင်လာခဲ့ခြင်းဖြစ်ပြီး မြန်မာ့နွေဦးတော်လှန်ရေးသမိုင်းတွင် ပထမဦးဆုံးတိုက်ပွဲဝင်သော CDF မင်းတပ် ပြီးလျှင် ဒုတိယမြောက် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လမ်းညွှန်မှုနှင့်အညီ ဖွဲ့စည်းတည်ထောင်ခဲ့သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်ကြောင်း သိရသည်။