သေဒဏ်ချပြီး ကွက်မျက်ရန် စီစဉ်မှုများ ရပ်တန့်ရေး UN လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲပြော

သေဒဏ်ချပြီး ကွက်မျက်ရန် စီစဉ်မှုများ ရပ်တန့်ရေး UN လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲပြော
ဇွန် 15, 2022
By Mr John

မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်အုပ်စုက လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်နိုင်ကြောင်းနှင့် ထင်ရှားသည့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ အပါအဝင် ၎င်းတို့ကို ဆန့်ကျင်ကန့်ကွက်သူများကို သေဒဏ်ပေးပြီး အမှန်တကယ် ကွပ်မျက်ရန်စီစဥ်နေမှုများ ရပ်တန့်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲက ဇွန်လ (၁၄) ရက်နေ့တွင် ပြော ကြားလိုက်သည်။ 

စစ်အုပ်စုက ငြိမ်းချမ်ရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရွေးကောက်ခံ အရပ်သားအစိုးရကို ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်တွင် ဖမ်းဆီးပြီး ဖြုတ်ချကာ အာဏာသိမ်းလိုက်သည်။ 

ထိုစဥ်ကတည်းက ၎င်းတို့ကို ဆန့်ကျင်ကန့်ကွက်သူများအား ဖိနှိပ်ရန် စစ်အုပ်စုက သေစေလာက်သည့် အင်အားသုံးခြင်းနှင့် လူအစုလိုက်အပြုံလိုက်ကို ဖမ်းဆီးခြင်းတို့ လုပ်ဆောင်ခဲ့သည်။ 

ကုလသမဂ္ဂ လူအခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet

ယခုအခါ စစ်အုပ်စုက ၁၉၉၀ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံတွင် သေဒဏ်ချမှတ်ခံရသူကို ပထမဆုံးအကြိမ် အမှန်တကယ် ကွပ်မျက်ရန် ‌ရှေ့ဆက်လုပ်ဆောင်နေခြင်းက လူသားတစ်ဦး၏ အသက်ရှင်သန်ခွင့်ကို ချိုးဖောက်မှုဖြစ်လိမ့်မည်ဟု ကုလသမဂ္ဂ လူအခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က ပြောသည်။

"ဒီလို ခေတ်နောက်ပြန်ဆွဲတဲ့  ခြေလှမ်းကို ရှောင်ကြဥ်ဖို့  စစ်တပ်အာဏာပိုင်တွေကို အရေးတကြီး တောင်းဆိုပါတယ်" ဟု Michelle Bachelet က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို ပြော ကြားလိုက်သည်။ 

မြန်မာစစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်နှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဂျင်မီ (ခေါ်) ဦးကျော်မင်းယုတို့ အပါအဝင် (၄) ဦးကို ကွပ်မျက်သွားမည်ဟု ယခုလအတွင်း ပြောခဲ့သည်။ 

ဦးဖြိုးဇေယျာသော်နှင့် ဦးဂျင်မီတို့ နှစ်ဦးလုံးကို စစ်အုပ်စုက အကြမ်းဖက်မှုဖြင့် သေဒဏ်ချမှတ်ထားသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်၏ မတရားဖိနှိပ်မှုများက လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများ ဖြစ်နိုင်ကြောင်း ကုလသမဂ္ဂ လူအခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ တွေ့ရှိချက်များကို လူအခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က ထပ်လောင်း ပြောခဲ့သည်။ 

စစ်အာဏာသိမ်းပြီးနောက် စစ်တပ်က အနည်းဆုံး လူ (၁,၉၀၀) ကို သတ်ဖြတ်ခဲ့ကြောင်းနှင့် နိုင်ငံရေးသမားများ၊ သတင်းထောက်များနှင့် ရှေ့နေများ အပါအဝင် လူ (၁၃,၅၀၀) ကျော်ကို အာဏာရှင်ဆန်စွာ ထင်သလိုဖမ်းဆီးခဲ့ကြောင်လည်း  မဟာမင်းကြီးက ဆိုသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထပ်တိုးလာသည့် ရွှေ့ပြောင်းရသူများ အပါအဝင် ပဋိပက္ခများကြောင့် နေအိမ်စွန့်ခွာ ရွှေ့ပြောင်းရသူအရေအတွက်မှာ ပထမဆုံးအကြိမ် (၁) သန်းကျော်ရှိလာသည်ဟု ကုလသမဂ္ဂ၏ အချက်အလက်များအရ သိရသည်။ မြန်မာလူဦးရေ (၁၄) သန်းခန့်မှာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ အရေးပေါ် လိုအပ်နေကြောင်းလည်း ကုလသမဂ္ဂက ပြောထားသည်။

Source: AFP

Mr John သည် Tachileik News Agency ၏ နိုင်ငံတကာသတင်း ကဏ္ဍအတွက် ဘာသာပြန် သတင်းတင်ဆက်နေသူ ဖြစ်သည်...