စီးကရက် တစ်လိပ်ချင်းစီပေါ်တွင် ကျန်းမာရေးသတိပေးချက်များ ဖော်ပြရန် ကနေဒါအစိုးရ စီစဥ်နေ

စီးကရက် တစ်လိပ်ချင်းစီပေါ်တွင် ကျန်းမာရေးသတိပေးချက်များ ဖော်ပြရန် ကနေဒါအစိုးရ စီစဥ်နေ
By Mr John

ကနေဒါနိုင်ငံ အစိုးရက စီးကရက် တစ်လိပ်ချင်းစီပေါ်တွင် ကျန်းမာရေးသတိပေးချက်များ ဖော်ပြရန် အဆိုပြုထားပြီး ဆေးလိပ်သောက်ခြင်း အလေ့အကျင့်ကို ကိုင်တွယ်ဖြေရှင်းရေး ကမ္ဘာ့ပထမဆုံးနည်းလမ်း ဖြစ်လာမည်ဟု ဆိုသည်။ 

ထိုအစီအမံက ပိုများသော လူတွေထံ ကျန်းမာရေးသတိပေးချက် ရောက်ရှိစေရန် အကူအညီဖြစ်မည်ဟု ကနေဒါနိုင်ငံ Mental Health and Addictions ဝန်ကြီး Carolyn Bennett က ပြောသည်။

ယခုအစီအစဥ်က လူငယ်များကို အဓိက ရည်ရွယ်ကြောင်း ဝန်ကြီးက ဆိုသည်။ 

စီးကရက်ကို ဘူးလိုက် မဟုတ်ဘဲ တခါတရံ တစ်လိပ်ချင်းစီ ဝယ်ယူသောက်တတ်သည့် လူငယ်များမှာ ဘူးပေါ်တွင် ပုံနှိပ်ဖော်ပြထားသည့် ကျန်းမာရေးသတိပေးချက်ကို မမြင်တွေ့တတ်ကြဟု ဝန်ကြီးက ရှင်းပြသည်။ 

အစိုးရ၏ ယခုအစီအစဥ်နှင့် ပတ်သက်၍ ဇွန်လ (၁၁) ရက်မှစပြီး (၇၅) ရက်ကြာ အများပြည်သူထံမှ အကြံဉာဏ်ရယူသည့်ကာလအဖြစ် သတ်မှတ်ထားကြောင်းလည်း သိရသည်။

"ကျန်းမာရေး သတိပေးချက်တွေကို ဆေးလိပ်တစ်လိပ်ချင်းစီပေါ်မှာ ထည့်သွင်းဖော်ပြတာက ဒီမရှိမဖြစ် မက်ဆေ့ချ်တွေကို လူတွေမြင်တာ သေချာအောင် ကူညီပေးပါလိမ့်မယ်" ဟု ဝန်ကြီး Carolyn Bennett က သတင်းထောက်များကို ပြောသည်။ 

ကနေဒါတွင် ၂၀၀၁ ခုနှစ်က စတင်ကျင့်သုံးလာခဲ့သည့် စီးကရက်ဘူးများပေါ်တွင် ဓာတ်ပုံများဖြင့် ကျန်းမာရေးသတိပေးချက်များမှာ အစိုးရက မျှော်လင့်ထားခဲ့သည့်အတိုင်း ထိရောက်မှုမရှိတော့ကြောင်းလည်း ၎င်းကဆိုသည်။

စီးကရက်တစ်လိပ်ချင်းစီပေါ်တွင် ကျန်းမာရေးသတိပေးချက်များ ဖော်ပြရန် အစိုးရ၏ အဆိုပြုမှုအသစ်ကို ကနေဒါနိုင်ငံ နှလုံးနှင့် လေဖြတ်ရောဂါ ဖောင်ဒေးရှင်းက ကြိုဆိုခဲ့ကြောင်း သိရသည်။ 

"ကမ္ဘာပေါ်မှာ စီးကရက်တွေအတွက် အပြင်းထန်ဆုံး ကျန်းမာရေးသတိပေးစနစ်တစ်ရပ် ကနေဒါမှာ အခု ရှိလာတော့မယ်" ဟု ဖောင်ဒေးရှင်း၏ အမှုဆောင်အရာရှိချုပ် Doug Roth ကို ကိုးကားပြီး CBC (Canadian Broadcasting Corporation) သတင်းဌာနက ပြောသည်။

"ဒါတွေက သေစေနိုင်တဲ့ ထုတ်ကုန်တွေပါ။ ဒီအစီအမံတွေက လူငယ်တွေနဲ့ ဆေးလိပ်မသောက်သူတွေကို ဆွဲဆောင်မှု ထပ်မံလျှော့ချရာမှာ အကူအညီဖြစ်ပါမယ်။ လက်ရှိ ဆေးလိပ်သောက်သူတွေကို ဆေးလိပ်ဖြတ်ဖို့ ကြိုးစားရာမှာလည်း အထောက်အကူဖြစ်စေပါတယ်" ဟု ၎င်းကဆိုသည်။ 

ကနေဒါအစိုးရ စာရင်းအင်းဌာန Statistics Canada ၏ အချက်အလက်များအရ ၂၀၂၀ ခုနှစ်တွင် ကနေဒါနိုင်ငံသား (၄) သန်းမှာ နေ့စဥ် ဆေးလိပ်သောက်သူ သို့မဟုတ် တခါတရံ ဆေးလိပ်သောက်သူများဖြစ်ကြောင်း သိရသည်။

လူဦးရေ (၃၈) သန်းကျော်ရှိသည့် ကနေဒါနိုင်ငံတွင် ဆေးလိပ်သောက်ခြင်းက ကြိုတင်ကာကွယ်နိုင်သည့် နာမကျန်းဖြစ်မှုနှင့် အရွယ်မတိုင်မီ သေဆုံးမှုတို့ ဖြစ်စေသော အဓိက အကြောင်းရင်းဖြစ်နေဆဲဟု ဆိုသည်။ 

ကနေဒါ အဆုတ်ကျန်းမာရေးဆိုင်ရာအဖွဲ့ Canadian Lung Association ၏ အချက်အလက်များအရ ဆေးလိပ်သောက်ခြင်းကြောင့် နှစ်စဥ် ကနေဒါနိုင်ငံသား ခန့်မှန်းခြေ ၄၈,၀၀၀ သေဆုံးကြောင်း သိရသည်။

Source: BBC