အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားမြို့နှင့် ချက်တာနူဂါမြို့တို့တွင် ပစ်ခတ်မှုများ ဖြစ်ပွားပြီး လူ (၆) ဦး သေဆုံး၊ (၂၅) ဦး ဒဏ်ရာရ

ဖီလာဒဲလ်ဖီးယားမြို့ရှိ လူစည်းကားရာ South Street ဧရိယာအတွင်း ပစ်ခတ်မှု
ဖီလာဒဲလ်ဖီးယားမြို့ရှိ လူစည်းကားရာ South Street ဧရိယာအတွင်း ပစ်ခတ်မှု
အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားမြို့နှင့် ချက်တာနူဂါမြို့တို့တွင် ပစ်ခတ်မှုများ ဖြစ်ပွားပြီး လူ (၆) ဦး သေဆုံး၊ (၂၅) ဦး ဒဏ်ရာရ
By Mr John

လတ်တလော သီတင်းပတ်များအတွင်း လူအစုအပြုံလိုက်ကို ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားနေသည့် အမေရိကန်နိုင်ငံတွင် ဒေသစံတော်ချိန် ဇွန်လ (၄) ရက် ညသန်းခေါင်အချိန်နှင့် ဇွန်လ (၅) ရက် နံနက်အစောပိုင်းကလည်း ပင်ဆယ်လ်ဗေးနီးယားပြည်နယ် ဖီလာဒဲလ်ဖီးယားမြို့နှင့် တင်နက်ဆီပြည်နယ် ချက်တာနူဂါမြို့တို့တွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖီလာဒဲလ်ဖီးယားမြို့ရှိ လူစည်းကားရာ South Street ဧရိယာအတွင်း ပစ်ခတ်မှု

ပင်ဆယ်လ်ဗေးနီးယားပြည်နယ် ဖီလာဒဲလ်ဖီးယားမြို့မှ ပစ်ခတ်မှု

ပင်ဆယ်လ်ဗေးနီးယားပြည်နယ် ဖီလာဒဲလ်ဖီးယားမြို့ရှိ လူစည်ကားရာနေရာတစ်ခုတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ (၃) ဦး သေဆုံးပြီး (၁၁) ဦး ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇွန်လ (၅) ရက်နေ့တွင် ပြောသည်။

ဒေသစံတော်ချိန် ဇွန်လ (၄) ရက် ညသန်းခေါင်အချိန်ဝန်းကျင်တွင် ဖီလာဒဲလ်ဖီးယားမြို့ရှိ လူစည်းကားရာ South Street ဧရိယာအတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုဧရိယာမှာ ဘားဆိုင်နှင့် စားသောက်ဆိုင်များရှိပြီး ပစ်ခတ်မှုကြောင့် အမျိုးသား (၂) ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

"ပစ်ခတ်မှုဖြစ်တဲ့အချိန်က South Street မှာ သီတင်းပတ်ကုန်ရက် ထုံးစံအတိုင်း လူရာနဲ့ချီ စည်ကားများပြားနေခဲ့တယ်" ဟု ဖီလာဒဲလ်ဖီးယားရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးအရာရှိ DF Pace က ပြောသည်။

သေနတ်သမားများက လူအုပ်စုအတွင်းသို့ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဖီလာဒလ်ဖီးယား ရဲအရာရှိများက တွေ့ရှိခဲ့သည်ဟု ဆိုသည်။

ရဲအရာရှိတစ်ဦးမှာ လူအုပ်စုအတွင်းသို့ ပစ်ခတ်နေသူတစ်ဦးနှင့် (၁၀) ကိုက်မှ (၁၅) ကိုက် အကွာတွင်ရှိနေခဲ့ပြီး ထိုရဲအရာရှိက သံသယရှိ သေနတ်သမားကို ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထိုသေနတ်သမားများမှာ ပစ်ခတ်ပြီးနောက် ထွက်ပြေးသွားခဲ့ကြောင်းနှင့် မည်သည့်နေရာတွင်ရှိကြောင်းကို ချက်ချင်း မသိရသေးဟု စုံစမ်းစစ်ဆေးရေးအရာရှိ DF Pace က ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် နေရာတွင် ပစ္စတိုသေနတ် (၂) လက်ကို ရှာဖွေတွေ့ရှိရပြီး သေနတ်တစ်လက်မှာ ကျည်ဆံပိုဝင်ဆန့်သည့် ကျည်ကပ်တပ်ဆင်ထားသည်။

တင်နက်ဆီပြည်နယ် Chattanooga မြို့မှ ပစ်ခတ်မှု

သီးခြားဖြစ်ရပ်တစ်ခုအဖြစ် တင်နက်ဆီပြည်နယ် ချက်တာနူဂါမြို့တွင်လည်း ဒေသစံတော်ချိန် ဇွန်လ (၅) ရက် နံနက် (၂) နာရီ (၄၂) မိနစ်ဝန်းကျင်က ဘားဆိုင်တစ်ဆိုင်အနီး ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ (၃) ဦး သေဆုံးပြီး (၁၄) ဦး သေနတ်ဒဏ်ရာများရခဲ့ကြောင်း အာဏာပိုင်တွေက ပြောသည်။

သေဆုံးခဲ့သူတွေအနက် (၂) ဦးမှာ သေနတ်ဒဏ်ရာကြောင့်ဖြစ်ပြီး နောက်တစ်ဦးမှာ ပစ်ခတ်မှုဖြစ်ပွားသည့်နေရာမှ ထွက်ပြေးစဥ် ကားတိုက်ခံရပြီး သေဆုံးခဲ့ခြင်း ဖြစ်သည်။ ဒဏ်ရာရသူ (၃) ဦးမှာလည်း ထွက်ပြေးရန်ကြိုးပမ်းစဥ် ကားတိုက်ခံရမှုကြောင့် ဒဏ်ရာရခဲ့ကြသည်။

ယခုဖြစ်ရပ်များမှာ တက္ကဆက်၊ နယူးယော့ခ်နှင့် အိုကလာဟိုးမား ပြည်နယ်တို့တွင် ဒါဇင်နှင့်ချီ သေဆုံးမှုများရှိခဲ့သော လတ်တလော ပစ်ခတ်သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် နောက်ဆုံးထပ်ဖြစ်လာသည့် သေနတ်ဖြင့် အကြမ်းဖက်မှုများလည်း ဖြစ်သည်။

မကြာသေးမီက ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုအချို့

အမေရိကန်တွင် ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားနေခဲ့ရာ ဇွန်လ (၁) ရက်နေ့ မွန်းလွဲပိုင်းကလည်း အိုကလာဟိုးမားပြည်နယ် တူလ်ဆာမြို့ရှိ စိန့်ဖရန်စစ်ဆေးရုံဝင်းအတွင်း ဆေးဘက်ဆိုင်ရာ အဆောက်အအုံတစ်ခုတွင် အမျိုးသားတစ်ဦးက ဝင်ရောက်ပစ်ခဲ့မှုကြောင့် ဆရာဝန် (၂) ဦး၊ ဧည့်ကြိုတစ်ဦးနှင့် လူနာတစ်ဦး သေဆုံးခဲ့သည်။ ထိုအမျိုးသားမှာ နောက်ကျောခွဲစိတ်ကုသမှု ခံယူခဲ့ပြီးနောက် နာကျင်မှုဝေဒနာ မသက်သာ၍ ၎င်းကို ခွဲစိတ်ကုသပေးခဲ့သည့် ဆရာဝန်နှင့် အခြား (၃) ဦးကို ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးတွင် ကိုယ့်ကိုယ်ကိုယ် ပစ်ခတ်အဆုံးစီရင်သွားခဲ့သည်။

ထို့အပြင် မေလ (၁၄) ရက်နေ့က နယူးယော့ခ်ပြည်နယ် လူမည်းရပ်ကွက်တစ်ခုရှိ စူပါမက်ကတ်တွင် အသက် (၁၈) နှစ်အရွယ် လူဖြူအမျိုးသားတစ်ဦးက လူမျိုးရေးမုန်းတီးမှုအရ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လူ (၁၀) ဦး သေဆုံးခဲ့ပြီး ပစ်ခတ်သူကို ဖမ်းဆီးရမိခဲ့သည်။ ထို့နောက် မေလ (၁၆) ရက်နေ့ကလည်း ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း Laguna Woods မြို့ရှိ Geneva Presbyterian ခရစ်ယာန်ဘုရားကျောင်းတွင် အစားအသောက်များဖြင့် တည်ခင်းဧည့်ခံနေစဥ် အသက် (၆၀) ကျော်အရွယ် သေနတ်သမားက ပစ်ခတ်မှုကြောင့် လူ (၁) ဦး သေဆုံးခဲ့ပြီး ၎င်းကို ဘုရားကျောင်းတက်လာသူတွေက ဝိုင်းဝန်းဖမ်းခဲ့သည်။

မေလ (၂၄) ရက် နံနက်ပိုင်းကလည်း တက္ကဆက်ပြည်နယ် Uvalde မြို့ရှိ Robb မူလတန်းကျောင်းတွင် အသက် (၁၈) နှစ်အရွယ် သေနတ်သမားက စာသင်ခန်းအတွင်း ဝင်ရောက်ပစ်ခတ်ခဲ့မှုကြောင့် ကလေး (၁၉) ဦးနှင့် ဆရာမ (၂) ဦး သေဆုံးခဲ့ပြီး သေနတ်သမားကို လုံခြုံရေးအရာရှိများက ပစ်သတ်ခဲ့သည်။

Gun Violence Archive သုတေသနအဖွဲ့အစည်း၏ မှတ်တမ်းများအရ အမေရိကန်တွင် ၂၀၂၂ ခုနှစ်အတွင်း လူအစုအပြုံလိုက်ကို ပစ်ခတ်မှု အနည်းဆုံး အကြိမ် (၂၄၀) ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုအဖွဲ့အစည်းက သေနတ်သမားကလွဲပြီး အနည်းဆုံး လူ (၄) ဦး ပစ်ခတ်ခံရသည့် ဖြစ်ရပ်တစ်ခုကို လူအစုအပြုံလိုက် ပစ်ခတ်ခံရမှုအဖြစ် သတ်မှတ်ခြင်းဖြစ်သည်။

Source: Reuters, AFP