မာရီယူပိုးတွင် ယူကရိန်း မရိန်းတပ်ဖွဲ့ဝင် ၁,၀၀၀ ကျော် လက်နက်ချခဲ့ကြောင်း ရုရှားပြော၊ မာရီယူပိုးကို ထိန်းချုပ်နိုင်မည်ဟု ယုံကြည်နေ

မာရီယူပိုးတွင် ယူကရိန်း မရိန်းတပ်ဖွဲ့ဝင် ၁,၀၀၀ ကျော် လက်နက်ချခဲ့ကြောင်း ရုရှားပြော၊ မာရီယူပိုးကို ထိန်းချုပ်နိုင်မည်ဟု ယုံကြည်နေ
By Mr John

ရုရှားတပ်ဖွဲ့တွေ ဝိုင်းထားသည့် မာရီယူပိုးမြို့တွင် ယူကရိန်း မရိန်းတပ်ဖွဲ့ဝင် ၁,၀၀၀ ကျော် လက်နက်ချခဲ့ကြကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ (၁၃) ရက်တွင် ပြောသည်။ အကယ်၍ ယူကရိန်း မရိန်းတပ်ဖွဲ့ဝင်များရှိသည့် Azovstal စက်မှုနယ်မြေကို ရုရှားတပ်ဖွဲ့တွေ ရယူနိုင်ခဲ့ပါက ၎င်းတို့အနေဖြင့် မာရီယူပိုးကို အပြည့်အဝ ထိန်းချုပ်နိုင်မည်ဟု ဆိုသည်။

မာရီယူပိုးကို အပြည့်အဝ ထိန်းချုပ်နိုင်ပါက ရုရှားအနေဖြင့် စစ်ကူနှင့် စစ်လက်နက်ပစ္စည်းပို့ရန် ခွဲထွက်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားသည့် ယူကရိန်းအရှေ့ပိုင်းနယ်မြေများနှင့် ခရိုင်မီးယားဒေသကြား ကုန်းလမ်းကြောင်းတစ်ခု ရရှိသွားမည် ဖြစ်သည်။

ရုရှားက ခရိုင်မီးယားဒေသကို ၂၀၁၄ ခုနှစ်တွင် သိမ်းပိုက်ခဲ့သည်။ ဖေဖေါ်ဝါရီ (၂၄) ရက်နေ့တွင် ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက်ပိုင်း ရုရှားတပ်ဖွဲ့တွေ သီတင်းပတ်များကြာ ဝိုင်းပတ်ပိတ်ဆို့ထားခဲ့သည့် မာရီယူပိုးမှာ ရုရှားထိန်းချုပ်မှုအောက်သို့ ကျရောက်သွားမည့် ပထမဆုံး အဓိကမြို့တစ်မြို့လည်း ဖြစ်လာမည်ဟု ဆိုသည်။

ရုရှားက ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသကို အဓိက ပစ်မှတ်ထားခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ထိုဒေသကို မထိန်းချုပ်နိုင်သေးကြောင်းလည်း သိရသည်။ ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသားကတော့ မာရီယူပိုးတွင် မရိန်းတပ်ဖွဲ့ဝင်များ လက်နက်ချသည့် သတင်းအချက်အလက် ၎င်းထံတွင် မရှိကြောင်း ပြောသည်။

ရုရှား ကျောထောက်ခံပြုထားသည့် ခွဲထွက်ရေးသမားတွေနှင့် အတူရှိနေသည့် Reuters သတင်းထောက်၏ သတင်းပေးပို့မှုအရ ဧပြီ (၁၂) ရက်နေ့တွင် Azovstal စက်မှုနယ်မြေမှ မီးတောက်များ ထွက်ပေါ်လာမှုကို တွေ့ခဲ့ရသည်ဟု ဆိုသည်။

ယူကရိန်း မရိန်းတပ်ဖွဲ့ 36th Marine Brigade က မာရီယူပိုးတွင် နောက်ဆုံးတိုက်ပွဲအတွက် ပြင်ဆင်နေကြောင်းနှင့် ကျည်ဆန်ကုန်နေပြီးဖြစ်ရာ သေဆုံးခြင်း သို့မဟုတ် အဖမ်းခံရခြင်းနှင့် အဆုံးသတ်လိမ့်မည်ဟု ဧပြီ (၁၁) ရက်တွင် ပြောခဲ့သည်။

မာရီယူပိုးမြို့တွင် တိုက်ခိုက်မှုများအတွင်း လူဦးရေ ထောင်နဲ့ချီ သေဆုံးခဲ့သည်ဟု ယုံကြည်ရသည်။ ရုရှားက ထိုနယ်မြေအတွင်း ထောင်နဲ့ချီသည့် ၎င်း၏တပ်ဖွဲ့ဝင်တွေကို စေလွှတ်နေပြီး တိုက်ခိုက်မှုအသစ်အတွက် ပြင်ဆင်နေကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်စကီးက ပြောထားသည်။

မာရီယူပိုးမြို့အတွင်း အရပ်သား ထောင်နဲ့ချီ ပိတ်မိနေပြီး အစားအစာ သို့မဟုတ် ရေ မရရှိကြကြောင်း ယူကရိန်းက ပြောကြားပြီး ရုရှားက အကူအညီပေးရေး ယာဥ်တန်းကို ပိတ်ဆို့ဟန့်တားခဲ့ကြောင်း စွပ်စွဲထားသည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ပြောကြားမှုအရ ယူကရိန်း၏ 36th Marine Brigade မရိန်းတပ်ဖွဲ့မှ အရာရှိ ၁၆၂ ဦး အပါအဝင် တပ်ဖွဲ့ဝင် ၁,၀၂၆ ဦး လက်နက်ချသည်ဟု ဆိုသည်။

Source: Reuters

 

ဆက်စပ်သတင်း