ပူတင်၏ ယူကရိန်းစစ်ပွဲကို ကန့်ကွက်ဆန္ဒပြမှုအဖြစ် ရုရှားသံတမန်တစ်ဦး နုတ်ထွက်

ပူတင်၏ ယူကရိန်းစစ်ပွဲကို ကန့်ကွက်ဆန္ဒပြမှုအဖြစ် ရုရှားသံတမန်တစ်ဦး နုတ်ထွက်
By Mr John

ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းအပေါ် စစ်ပွဲဆင်နွှဲနေသည်ကို ကန့်ကွက်ဆန္ဒပြသည့်အနေဖြင့် ကုလသမဂ္ဂတွင် အလုပ် လုပ်သည့် ရုရှားသံတမန်တစ်ဦး အလုပ်မှ နုတ်ထွက်လိုက်ကြောင်း သိရသည်။

LinkedIn အကောင့်တွင် ဂျနီဗာမြို့ရှိ ကုလသမဂ္ဂ၌ ရုရှားနိုင်ငံနှင့်ပတ်သက်၍ အလုပ် လုပ်ကိုင်နေသူဖြစ်ကြောင်း ဖော်ပြထားသူ Boris Bondarev က စစ်ပွဲကို ကန့်ကွက်ကြောင်း ထုတ်ဖော်ပြသည့် ၎င်း၏ ဆုံးဖြတ်ချက်ကြောင့် ရုရှားအစိုးရက ယခုအခါ ၎င်းကို သစ္စာဖောက်တစ်ဦးအဖြစ် သတ်မှတ်နိုင်သည်ဟု BBC သတင်းဌာနကို ပြောသည်။

သို့သော် ပူတင်၏ စစ်ပွဲမှာ ယူကရိန်းပြည်သူများနှင့် ရုရှားပြည်သူများအပေါ် ကျူးလွန်သော ရာဇဝတ်မှုတစ်ခုဖြစ်ကြောင်း Boris က ၎င်း၏ ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။  

သံတမန် Boris ကိစ္စနှင့် ပတ်သက်ပြီး ရုရှားအစိုးရဘက်က မှတ်ချက်ပေးခြင်းမရှိသေးဟု ဆိုသည်။

အထူးစစ်ဆင်ရေးတစ်ရပ်ဖြစ်သည်ဟု ၎င်းတို့ ပြောထားသော ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲမှုအပေါ် ဝေဖန်သူများ သို့မဟုတ် စစ်ပွဲနှင့်ပတ်သက်၍ အစိုးရသတင်းထုတ်ပြန်မှုကနေ သွေဖယ်ပြောဆိုနေသူများကို ရုရှားအစိုးရက နှိမ်နင်းနေခဲ့သည်။

ဆိုရှယ်မီဒီယာတွင် လုပ်ဖော်ကိုင်ဖက်များနှင့် မျှဝေထားသည့် စာတစ်စောင်တွင် သွေးစွန်းမိုက်မဲပြီး လုံးဝမလိုအပ်သည့် အရှက်ရစရာ အခြေအနေတွင် ဆက်မပါဝင်နိုင်သဖြင့် လုပ်သက် နှစ် (၂၀) ရှိပြီဖြစ်သော ၎င်း၏အလုပ်ကို အဆုံးသတ်ရန် ရွေးချယ်ခဲ့ကြောင်း Boris က ပြောထားသည်။

"ဒီစစ်ပွဲကို ကြံစည်ခဲ့သူတွေက သူတို့ အမြဲတမ်း အာဏာရနေဖို့ တစ်ခုတည်းကိုပဲ လိုချင်ကြတာ။ အဲဒီလိုဖြစ်ဖို့ အသက်ပေါင်းများစွာ စတေးပစ်ဖို့ သူတို့က ဆန္ဒရှိနေကြတယ်။ ဒီဟာကြောင့်ပဲ ရုရှားနဲ့ ယူကရိန်း ထောင်နဲ့ချီ သေဆုံးခဲ့ကြပြီးပြီ" ဟု ရုရှားသံတမန်က စာထဲတွင် ရေးထားသည်။

၎င်း၏စာထဲတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကိုလည်း သံတမန်ရေးထက် စစ်မီးမွှေးရန်၊ လိမ်ညာရန်နှင့် အမုန်းပွားရန် ပိုမိုစိတ်ဝင်စားနေကြောင်း Boris က ပြောဆိုထားသည်။

BBC သတင်းဌာန၏ ရုရှားအယ်ဒီတာ Steve Rosenberg နှင့် စကားပြောခဲ့ရာတွင် Boris က နုတ်ထွက်ရန်ကလွဲပြီး အခြားရွေးချယ်စရာ မမြင်ကြောင်း၊ သို့သော် ၎င်းကဲ့သို့ပင် အများအပြားက လိုက်ပါလုပ်ဆောင်လာကြမည်ဟု မျှော်လင့်မထားကြောင်း ဖွင့်ဟခဲ့သည်။

"ဒါက အများကြီး ပြောင်းလဲလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။ ဒါပေမဲ့ ဒါက နောက်ဆုံးမှာ တည်ဆောက်သွားမယ့် ပိုကြီးတဲ့တံတိုင်းထဲက အုတ်တစ်ချပ် ဖြစ်နိုင်ပါတယ်။ ကျွန်တော် အဲဒီလို မျှော်လင့်ပါတယ်" ဟု Boris က ဆိုသည်။ ရုရှားက ယူကရိန်းကို ကျူးကျော်မှုနှင့်ပတ်သက်၍ အစောပိုင်းတွင် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များကြား ပျော်ရွှင်ပြီး ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ကြကြောင်း Boris က ထုတ်ဖော်ပြောခဲ့သည်။

"ကျွန်တော်တို့ ပြဿနာအချို့ ရင်ဆိုင်လာရတာကြောင့် စစ်ပွဲနဲ့ပတ်သက်ပြီး အခု သူတို့ သိပ်မပျော်ကြတော့ပါဘူး။ ပထမဆုံးကတော့ စီးပွားရေးပြဿနာပေါ့။ ဒါပေမဲ့ သူတို့ထဲက အများအပြားက နောင်တရလာပြီး သူတို့ရဲ့အမြင်တွေကို ပြောင်းလဲလိမ့်မယ်လို့တော့ ကျွန်တော် မထင်ပါဘူး။ သူတို့ အစွန်းရောက်မှုနည်းလာနိုင်တယ်။ ရန်လိုမှုနည်းလာနိုင်တယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးလိုလားတာတော့ မဟုတ်ဘူး" ဟု Boris က ပြောသည်။

Source: BBC