မင်းကင်းမြို့နယ်အတွင်း (၆)ရက်အကြာတိုက်ပွဲတွင် စစ်အုပ်စုဘက်က (၂၀)ဝန်းကျင် သေဆုံးပြီး ပြောက်ကျားတပ်ဖွဲ့ဘက်က (၃)ဦး ဒဏ်ရာရ 

မင်းကင်းမြို့နယ်အတွင်း (၆)ရက်အကြာတိုက်ပွဲတွင် စစ်အုပ်စုဘက်က (၂၀)ဝန်းကျင် သေဆုံးပြီး ပြောက်ကျားတပ်ဖွဲ့ဘက်က (၃)ဦး ဒဏ်ရာရ 
မေ 22, 2022

 စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်တွင်းချောင်ဒေသတွင် စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းအဖွဲ့နှင့် ဒေသခံ ပြောက်ကျားအဖွဲ့တို့ ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်က အယောက် (၂၀)ဝန်းကျင် သေကြောင်း ဆရာစံ-PDF က ထုတ်ပြန်ထားသည်။

တိုက်ပွဲမှာ မေလ (၉) ရက်မှ (၁၆)ရက်နေ့အတွင်း (၆)ရက် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

မေလ (၉)ရက် နှင့် (၁၀)ရက်တွင် တောင်တွင်းချောင်ဒေသအတွင်းရှိ စစ်ကောင်စီတပ်များတပ်စွဲထားသည့် ကျော်ရွာကို Mytel မမ လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းအပြင် Drone ဖြင့် ဗုံးသီးချ တိုက်ခိုက်ခြင်းများဖြင့် စတင်၍ ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မေလ(၁၁)ရက်နေ့ နံနက်ပိုင်းတွင် လက်နက်ငယ်၊ လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ကာ တိုက်ပွဲပြင်းထန်ခဲ့ပြီး နေ့လယ်ပိုင်းတွင် ကာကွယ်ရေးတပ်များ ပြန်လည်ဆုတ်ခွာခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မေလ(၁၂)ရက်တွင် ကလေးဝဘက်မှ စစ်ကောင်စီတပ်၏ ထောက်ပို့ကား(၃)စီး ကျော်ရွာသို့ ရောက်ရှိလာခဲ့ကာ မေလ (၁၂)၊ (၁၃)၊ (၁၄)ရက်များတွင်လည်း ဒေသကာကွယ်ရေးတပ်ပေါင်းစုက Drone ဖြင့် တိုက်ခိုက်ခြင်းအပြင် လက်နက်ငယ်၊ လက်နက်ကြီးများကို အသုံးပြု၍ ပြောက်ကျားတိုက်ခိုက်ခြင်းများ လုပ်ခဲ့သည်ဟု သိရသည်။

မေလ(၁၆)ရက်နေ့တွင် မဟာမိတ်တပ်ပေါင်းစုများ၏ Mytel မမ လက်နက်ကြီးများ တည်နေရာသို့ စစ်ကောင်စီတပ်များ ပစ်ခတ်ကာ တက်လာပြီး ပစ္စည်းများကို သိမ်းယူသွားခဲ့ကြောင်း ဆရာစံ PDF က ထုတ်ပြန်ထားသည်။

သိမ်းဆည်းခံရမှုနှင့်ပတ်သက်၍ အသေးစိတ်ကိုမူ မသိရှိရပေ။

အဆိုပါ (၆)ရက်ကြာ တိုက်ပွဲအတွင်း မဟာမိတ်တပ်ပေါင်းစုများဘက်မှ ရဲဘော်(၃)ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

၎င်းတိုက်ခိုက်မှုကို မဟာမိတ်ညီနောင်တပ်ပေါင်းစုများအဖွဲ့ဖြစ်သည့် ဆရာစံ PDF၊ Phoenix Rural Guerrilla Force-PRGF၊ Weapons Installation - WIAG၊Yoma Fighter - Ranbo တပ်ခွဲ၊ ရွှေတြိဂံတပ်ရင်း၊ GTF တပ်ခွဲ(၄) စစ်ကျွန်မခံမြွေဆိုးတစ်သိုက်၊ GTF တပ်ခွဲ(၅) Eagle freedom fighter၊ GTF တပ်ခွဲ(၆)တိမ်ပျံပျောက်ကြားတပ်ဖွဲ့၊ ရွှေသမင်မုဆိုး (Local TD PDF)၊ SHADOW၊ TD PDF၊ KPDF-2၊ မဟူရာကျားရိုင်း (KPDF-3)၊ MPDF DEMOတပ်ခွဲ၊ MPDF သံမဏိတပ်ခွဲ၊ မုံရွာပကဖအဖွဲ့ ၊ ဒေသခံ ပကဖအဖွဲ့၊ KLG PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။