ရခိုင်ပြည်နယ်အတွင်း အာဏာသိမ်းစစ်အုပ်စု၏ ထုတ်ကုန်များ အသုံးမပြုရေး ပြည်သူများမှာလည်း တာဝန်ရှိကြောင်း ရက္ခိုင့်တပ်တော် (AA)မှ ဗိုလ်မှူးထွန်းမင်းနိုင်က တိုက်တွန်းလိုက်သည်။
"စကစ က ရက္ခိုင်ပြည်ထဲကို ကုန်စည်စီးဆင်းတာကို အနှောင့်အယှက်ပေးပြီးတော့ ရက္ခိုင်ပြည်သူတွေကို အငတ်ဘေးဆိုက်အောင် အနုနည်းနဲ့ လုပ်နေတယ်။ ရက္ခိုင်ပြည်သူတွေလည်း ဦးပိုင်ထုတ်ပစ္စည်း တွေကို လုံးဝမသုံးစွဲဖို့ တာဝန်ရှိတယ်။ ကိုယ့်ပြည်သားတွေကို ထမင်းငတ်အောင် ဒုက္ခရောက်အောင်လုပ်တဲ့လူတွေကို တန်ပြန်လုပ်ရဖို့ တာဝန်ရှိတယ်။ ဦးပိုင်ထုတ်ပစ္စည်းတွေကို လုံးဝ မသုံးပါနဲ့။"ဟု ရက္ခိုင့်တပ်တော် (AA) ဗိုလ်မှူးထွန်းမင်းနိုင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားကာ တိုက်တွန်းထားခြင်း ဖြစ်သည်၊။
ရက္ခိုင့်တပ်တော် (AA)မှ ဗိုလ်မှူးထွန်းမင်းနိုင်သည် ရက္ခိုင့်တပ်တော် (AA/ULA)စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ အစ်ကိုလည်း ဖြစ်သည်။
အမ်းမြို့နယ်ရှိ ဒါးလက်ချောင်းကျေးရွာအုပ်စုတွင် စစ်ကောင်စီအဖွဲ့က ဆန်သယ်ယူခွင့် ကန့်သတ် ပိတ်ပင်လိုက်ပြီးနောက်ပိုင်း ဆန်တစ်အိတ်ကို ကျပ်(၄)သောင်းဝန်းကျင်အထိ ဝယ်ယူနေရသည့် အတွက် ဒေသခံရွာသားများမှာ စားသောက်ရေး အခက်အခဲဖြစ်နေသည်ဟု ရခိုင်ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားသည်။
ပြီးခဲ့သည့် မေလ ပထမအပတ်ကစပြီး ဒါးလက်ချောင်းဒေသကို ရောက်သည့် ကုန်လမ်းကြောင်း ရေလမ်းကြောင်း နှစ်ခုလုံးမှ ဆန်အပါအဝင် စားသောက်ကုန်များ သယ်ယူခွင့်ကို ကန့်သတ်ပိတ်ပင် ထားခြင်းဖြစ်ကြောင်း သိရသည်။
သင်္ကြန်ကာလတွင်လည်း ULA/AA အတွင်း စစ်တပ်ထုတ် အရက်၊ ဘီယာ၊ အစားအသောက်စသည့်တိုကို မသုံးဆောင်ရန် တားမြစ်ခဲ့သေးသည်။
AA နှင့် NUG တို့သည် မေလ(၁၆)ရက်နေ့က လက်ရှိနိုင်ငံရေးနှင့် ပတ်သက်၍ အွန်လိုင်းမှတဆင့် နှစ်နာရီကြာဆွေးနွေးခဲ့ကြသေးသည်။