NATO အဖွဲ့ဝင်ဖြစ်ရန် အချိန်မဆွဲဘဲ လျှောက်ထားရမည်ဟု ဖင်လန်နိုင်ငံခေါင်းဆောင်များပြောကြား၊ ရုရှားက တုံ့ပြန်ရန် အသင့်ရှိ ပြောဆို ခြိမ်းခြောက်

PHOTO: REUTERS
PHOTO: REUTERS
NATO အဖွဲ့ဝင်ဖြစ်ရန် အချိန်မဆွဲဘဲ လျှောက်ထားရမည်ဟု ဖင်လန်နိုင်ငံခေါင်းဆောင်များပြောကြား၊ ရုရှားက တုံ့ပြန်ရန် အသင့်ရှိ ပြောဆို ခြိမ်းခြောက်
By Mr John

NATO အဖွဲ့ဝင်ဖြစ်ရန် အချိန်မဆွဲဘဲ လျှောက်ထားရမည်ဟု ဖင်လန်နိုင်ငံခေါင်းဆောင်များပြော၊ ရုရှားက တုံ့ပြန်ရန်အသင့်ရှိဟုဆို

 

ဖင်လန်နိုင်ငံ၏သမ္မတ Sauli Niinisto နှင့် ဝန်ကြီးချုပ် Sanna Marin တို့က ၎င်းတို့နိုင်ငံအနေဖြင့် NATO စစ်ရေးမဟာမိတ်အဖွဲ့ဝင်ဖြစ်ရန် အချိန်မဆွဲဘဲ လျှောက်ထားရမည်ဟု မေလ (၁၂) ရက်နေ့တွင် သဘောထားထုတ်ပြန်ကာ ပြောကြားလိုက်သည်။

ဖင်လန်နိုင်ငံ ၀န်ကြီးချုပ် Sanna Marin (ဘယ်ဘက်) နှင့် သမ္မတ Sauli Niinisto(ညာဘက်)  ဓာတ်ပုံ- အေအက်ဖ်ပီ

ရုရှားက ယူကရိန်းကို ကျူးကျော်မှုက NATO အဖွဲ့ဝင်ဖြစ်ရေး ဖင်လန်၏ အဓိက မူဝါဒအပြောင်းအလဲ ဖြစ်လာစေသည်ဟု ဆိုထားပြီး ဖင်လန်၏ အိမ်နီးချင်း ဆွီဒင်နိုင်ငံကလည်း NATO အဖွဲ့ဝင်အဖြစ် လျှောက်ထားလာမည်ဟု သိရသည်။



ဖင်လန်က NATO အဖွဲ့ဝင်ဖြစ်ရန် ဆောင်ရွက်ခြင်းမှာ ၎င်းတို့အတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်ကြောင်းနှင့် တုံ့ပြန်ဆောင်ရွက်ရန်အသင့်ရှိကြောင်း ရုရှားနိုင်ငံက ပြောဆိုခဲ့သည်။

ရုရှားက ယူကရိန်းကို ကျူးကျော်ခြင်းမှာ NATO အဖွဲ့၏ ဥရောပအရှေ့ပိုင်းတွင်း နယ်ချဲ့လာမှုကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်ဖြစ်ကြောင်း အများလက်ခံစေရန် ကြိုးပမ်းနေခဲ့သည်။

သို့သော် ဖင်လန်သမ္မတ Sauli Niinisto ကမူ မိမိတို့နိုင်ငံ၏ NATO အဖွဲ့ဝင်ဖြစ်ရန် လျှောက်ထားမည့်ဆုံးဖြတ်ချက်မှာ ရုရှားသမ္မတ ဗလာဒီမာပူတင်ကြောင့်ဖြစ်ကြောင်း ပြောခဲ့သည်။



"ခင်ဗျားက ဒီလိုဖြစ်စေတာပဲ။ ကိုယ့်ကိုယ်ကိုယ် မှန်ထဲမှာ ပြန်ကြည့်လိုက်ပါ" ဟု ဖင်လန်သမ္မတက NATO အဖွဲ့ဝင်ဖြစ်ရန် လျှောက်ထားမည်ဟု မကြေညာမီ အစောပိုင်းတွင် ရုရှားသမ္မတကို ရည်ညွှန်းပြောဆိုခဲ့သည်။ ဖင်လန်နိုင်ငံက မိုင် (၈၀၀) ကျော် ရှည်လျားသည့် နယ်နမိတ်ထိစပ်နေသော ရုရှားနိုင်ငံနှင့် ခက်ခဲသည့်အတိတ်ကာလရှိခဲ့ပြီး မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ North Atlantic Treaty Organization (NATO) နှင့် ပူးပေါင်းဆောင်ရွက်မှု တဖြည်းဖြည်း တိုးမြှင့်လာခဲ့သည်။



၂၀၁၄ ခုနှစ်တွင် ရုရှားက ခရိုင်းမီးယားဒေသ တိုက်ခိုက်သိမ်းပိုက်ခဲ့ချိန်နောက်ပိုင်း ဖင်လန်က NATO ၏ မိတ်ဖက်နိုင်ငံအဖြစ် ဆက်ဆံရေးတည်ဆောက်ခဲ့သည်။

"ဖင်လန်နိုင်ငံက NATO အဖွဲ့ဝင်ဖြစ်ဖို့ အချိန်မဆွဲဘဲ လျှောက်ထားရမယ်" ဟု သမ္မတ Sauli Niinisto နှင့် ဝန်ကြီးချုပ် Sanna Marin တို့က ပူးတွဲထုတ်ပြန်ချက်တွင် ပြောထားသည်။

"ဒီဆုံးဖြတ်ချက်ချမှတ်ဖို့ လိုအပ်နေဆဲ နိုင်ငံတော်အဆင့်ကိစ္စရပ်တွေကို လာမယ့် ရက်ပိုင်းအတွင်း အလျင်အမြန် ဆောင်ရွက်သွားဖို့ ကျွန်ုပ်တို့ မျှော်လင့်ပါတယ်" ဟုလည်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



NATO အဖွဲ့ဝင်ဖြစ်ရေး လျှောက်ထားမည့်ကိစ္စကို လာမည့် မေလ (၁၆) ရက်နေ့တွင် ဖင်လန်နိုင်ငံ လွှတ်တော်၌ ဆွေးနွေးသွားမည် ဖြစ်သည်။

လွှတ်တော်အမတ် အများစုက NATO အဖွဲ့ဝင်ဖြစ်ရေးကို ထောက်ခံကြောင်း ၎င်းတို့၏ သဘောထားကို ပြသထားပြီးဖြစ်ကြောင်းလည်း သိရသည်။

NATO အထွေထွေအတွင်းရေးမှူး Jens Stoltenberg ကလည်း အဖွဲ့ဝင်နိုင်ငံ ထပ်တိုးမည့်လုပ်ငန်းစဥ်မှာ ချောမွေ့မြန်ဆန်လိမ့်မည်ဖြစ်ပြီး ဖင်လန်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုသွားမည်ဟု ပြောသည်။



ရုရှားနိုင်ငံကမူ ဖင်လန်နှင့် ဆွီဒင် နှစ်နိုင်ငံလုံးကို NATO အဖွဲ့ဝင်ဖြစ်ရန် လျှောက်ထားမည့်ကိစ္စနှင့် ပတ်သက်ပြီး အကြိမ်ကြိမ် သတိပေးခဲ့သည်ဟု ဆိုသည်။

ရုရှားအစိုးရနှင့် သမ္မတပူတင်၏ ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီပက်စ်ကော့ဗ်က "NATO အဖွဲ့ဝင်တိုးချဲ့ခြင်းက ဥရောပတိုက်ကို ပိုမို တည်ငြိမ်လုံခြုံစေမှာ မဟုတ်ပါဘူး" ဟု သတင်းထောက်များကို မေလ (၁၂) ရက်နေ့တွင် ပြောခဲ့သည်။



Source: Straits Times, Reuters