စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်နေမှုများ အမြန်ဆုံးရပ်တန့်ပြီး ပါဝင်သင့်၊ ပါဝင်ထိုက်သူများပါဝင်လျှက် အဓိပ္ပာယ်ပြည့်ဝသော တွေ့ဆုံ ဆွေးနွေးမှုဖော်ဆောင်ရန် တိုင်းရင်းသားလက်နက်ကိုင်(၃)ဖွဲ့က ယနေ့ မေလ(၉)ရက်တွင် ပူးတွဲကြေညာချက်ထုတ်ပြန်သည်။
ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေးကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီ မှ ရုပ်မြင်သံကြားမှတဆင့် ထုတ်လွှင့်ပြောကြားချက်အပေါ် ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP/KA)နှင့် ချင်းအမျိုးသားတပ်ဦး (CNF/CNA) တို့၏ ပူးတွဲထုတ်ပြန်ကြေညာချက်ကို ထုတ်ပြန် လာခြင်းဖြစ်သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် နိုင်ငံတကာလူမှုအဖွဲ့အစည်းများမှ စစ် ဘေးသင့်ပြည်သူလူထုအား လွတ်လပ်စွာကူညီထောက်ပံ့မှုအား ဆောလျင်စွာ ဖိတ်ခေါ်ခွင့်ပြုရန်လည်း ပါရှိသည်။
ဒါ့အပြင် ပြည်ထောင်စု၏ ပြဿနာကို နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုဖြင့် အဖြေရှာရေးသည် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများမှ အစဉ်တစိုက်တောင်းဆိုခဲ့သည့် တောင်းဆိုချက်ပင်ဖြစ်ကြောင်း ထုတ်ပြန်သည်။
သို့ရာတွင် လက်ရှိတိုင်းပြည်မှ ရင်ဆိုင်ကြုံတွေ့နေရသည့် နိုင်ငံရေး အကြပ်အတည်းများကို တွေ့ဆုံဆွေးနွေးအဖြေရှာမည်ဆိုပါက ပါဝင်သင့်၊ ပါဝင်ထိုက်သူ အားလုံးပါဝင်ရန်နှင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းမှ ကြားဝင်စေ့စပ်ပေးသည့် မျှတသော တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းအမှန်ဖြစ်ပေါ်လာမည်ဖြစ်ပြီး အဆိုပါ တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းမှတဆင့် လိုလားသည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကို တည်ဆောက်သွားနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။