ကရင်ပြည်သူနှင့်တိုင်းရင်းသားများအတွက် ကောင်းကျိုးမရှိသည့် စစ်ကောင်စီတပ်စခန်း(၂)ခု (၁၅)ရက်အတွင်း ထွက်ခွာသွားရန် KNDO သတိပေး

ကရင်ပြည်သူနှင့်တိုင်းရင်းသားများအတွက် ကောင်းကျိုးမရှိသည့် စစ်ကောင်စီတပ်စခန်း(၂)ခု (၁၅)ရက်အတွင်း ထွက်ခွာသွားရန် KNDO သတိပေး
ဧပြီ 25, 2022 | အခြားဒေသများ

ကရင်ပြည်သူနှင့်တိုင်းရင်းသားများအတွက် ကောင်းကျိုးမရှိသည့် စစ်ကောင်စီတပ်စခန်း(၂) (၁၅)ရက်အတွင်း ထွက်ခွာသွားရန် KNDO သတိပေး

* * ** 

ပဲခူးတိုင်း၊ တောင်ငူခရိုင်အတွင်းရှိ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နယ်မြေအတွင်းရှိ အာဏာသိမ်းစစ်ကောင်စီတပ်စခန်းနှစ်ခု (၁၅)ရက်အတွင်း ထွက်ခွါသွားရန် KNU က ယနေ့ ဧပြီလ (၂၅)ရက်တွင် ထုတ်ပြန် အသိပေး လိုက်သည်။  

 KNDO တပ်ရင်း(၄)နယ်မြေအတွင်း တပ်စွဲထားသည်မှာ အာဏာသိမ်းစစ်ကောင်စီတပ်ကြောင့် ကရင်လူထုနှင့် တိုင်းရင်း သားပြည်သူများအတွက် ကောင်းကျိုးသက်ရောက်မှုမရှိဟု ထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်ကောင်စီတပ်၏ ကျီးချောင်းစစ်စခန်းနှင့် ၄၈ မိုင် ကိုးဒေး စစ်စခန်းတို့ကြောင့် ဒေသခံလူထုမှာ ထိတ်လန့်ကြောက်ရွံနေရခြင်း၊ မိုင်းကွင်းများကြောင့် နေ့စဉ်သွားလာနေထိုင်စားသောက်ရာ၌ အခက်အခဲဖြစ်ရခြင်း၊ စစ်ကောင်စီတပ်များ၏ ဦးတည်ချက်မဲ့ ပစ်ခတ်မှုများကို စိုးရိမ်ကြောက်လန့်နေရခြင်း စသည့် ဒုက္ခများခံစားနေရသည်ဟု ဆိုသည်။

ထိုကြောင့် ကျီးချောင်းတပ်စခန်းနှင့် ၄၈ မိုင် ကိုးဒေးတပ်စခန်းများရှိနေခြင်းကို KNDO အနေဖြင့် လုံးဝလက်မခံနိုင်တော့ သဖြင့် ဧပြီလ (၂၅)ရက်မှ စတင်ကာ (၁၅)ရက် အတွင်း အပြီးတိုင်ရုပ်သိမ်းသွားရန် ထုတ်ပြန်ထားသည်။ 

 ဧပြီလ(၂၀)ရက်နေ့ကလည်း သထုံခရိုင်၊ KNDO တပ်ရင်း(၂) နယ်မြေအတွင်း တပ်စွဲထားသည့် အကြမ်းဖက် စစ်ကောင်စီ တပ်စခန်း (၂)ခုကို ဧပြီလ (၂၃)ရက်နောက်ဆုံးထား ဆုတ်ခွာရန်ကြေညာခဲ့ပြီးနောက် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

#TachileikNewsAgency