ဟွန်ဒူးရပ်စ် သမ္မတဟောင်းကို မူးယစ်ဆေးဝါးနှင့် လက်နက်မှုတို့ဖြင့် ဖမ်းဆီးပြီး အမေရိကန်သို့ လွှဲပြောင်း

ဟွန်ဒူးရပ်စ် သမ္မတဟောင်းကို ဖမ်းဆီးလွှဲပြောင်းစဉ်။ [ Photo: REUTERS/Jonathan Lazo ]
ဟွန်ဒူးရပ်စ် သမ္မတဟောင်းကို ဖမ်းဆီးလွှဲပြောင်းစဉ်။ [ Photo: REUTERS/Jonathan Lazo ]
ဟွန်ဒူးရပ်စ် သမ္မတဟောင်းကို မူးယစ်ဆေးဝါးနှင့် လက်နက်မှုတို့ဖြင့် ဖမ်းဆီးပြီး အမေရိကန်သို့ လွှဲပြောင်း
By Mr John

ဟွန်ဒူးရပ်စ်သမ္မတဟောင်းကို မူးယစ်ဆေးဝါးမှု၊ လက်နက်မှုတို့ဖြင့် အမေရိကန်သို့ လွှဲပြောင်း

ဟွန်ဒူးရပ်စ်သမ္မတဟောင်း ဂျူအန်အော်လန်ဒိုဟာနန်ဒက်ဇ်ကို မူးယစ်ဆေးဝါးနှင့် လက်နက်မှုများဖြင့် အမေရိကန်နိုင်ငံသို့ လွှဲပြောင်းလိုက်ကြောင်း သိရသည်။

အမေရိကန်က ဟွန်ဒူးရပ်စ်သမ္မတဟောင်း ဟာနန်ဒက်ဇ်ကို ကိုကင်းတင်သွင်းရန် ပူးပေါင်းကြံစည်မှုနှင့် ဆက်စပ် လက်နက်မှုများဖြင့် ဧပြီ (၂၁) ရက်တွင် စွဲချက်တင်လိုက်ဖြစ်ပြီး အမေရိကန်၏ မဟာမိတ်ဟောင်း ဟာနန်ဒက်ဇ်သည် ၂၀၁၄ ခုနှစ်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအထိ ဟွန်ဒူးရပ်စ်သမ္မတ အဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။



အမေရိကန်တရားရေးဌာနက ဟာနန်ဒက်ဇ်ကို စွဲချက်တင်လိုက်ခြင်းမှာ ယခင်က မဟာမိတ်တစ်ဦးအဖြစ် မျက်နှာသာပေးခံရသည့် အခြေအနေကနေ အံ့အားသင့်ဖွယ် ပြောင်းလဲသွားလည်း ဖြစ်သည်။

ဟာနန်ဒက်ဇ်သည် မက္ကစီကိုနိုင်ငံမှ စီနာလိုအာ မူးယစ်ဆေးဝါးဂိုဏ်းခေါင်းဆောင် ဂျိုအာကွင်းအယ်လ်ချာပိုဂုဇ်မန်း အပါအဝင် မူးယစ်ဆေးဝါးရောင်းဝယ်သည့် အဖွဲ့အစည်းများထံမှ ဒေါ်လာသန်းနှင့်ချီ လက်ခံရယူခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု အစိုးရရှေ့နေတွေက ပြောသည်။

ဟာနန်ဒက်ဇ်က ထိုငွေများကို ၎င်း၏ ချမ်းသာကြွယ်ဝမှုနှင့် နိုင်ငံရေးလှုပ်ရှားမှုများအတွက် အသုံးပြုခဲ့သည်ဟု ဆိုသည်။



ဒေါ်လာသန်းနှင့်ချီ လက်ခံရယူပြီး အပြန်အလှန်အားဖြင့် ဟာနန်ဒက်ဇ်နှင့် အခြား ဟွန်ဒူးရပ်စ်အစိုးရ အရာရှိတွေက မူးယစ်ဆေးဝါးရောင်းဝယ်သူများကို စုံစမ်းစစ်ဆေးခံရခြင်းနှင့် ဖမ်းဆီးခံရခြင်း မရှိစေရန် အကာအကွယ်ပေးခဲ့ကြသည်။

ထို့အပြင် ဟာနန်ဒက်ဇ်နှင့် အစိုးရအရာရှိတွေက မူးယစ်ဆေးဝါးရောင်းဝယ်သူများကို ရဲတပ်ဖွဲ့နှင့် စစ်တပ် သတင်းအချက်အလက်များ သိခွင့်ပေးခဲ့ကြောင်းနှင့် ၎င်းတို့ကို အမေရိကန်သို့ လွှဲပြောင်းမခံရစေရန် ကာကွယ်ပေးခဲ့ကြောင်းလည်း သိရသည်။



"ဟာနန်ဒက်ဇ်က ၂၀၁၄ ကနေ ၂၀၂၂ အထိ တစ်လျှောက်လုံးမှာ ဟွန်ဒူးရပ်စ်သမ္မတအဖြစ် သူ့ရာထူးကို အလွဲသုံးစားလုပ်ခဲ့ပြီး နိုင်ငံကို မူးယစ်ဆေးဝါးတိုင်းပြည် ဖြစ်စေခဲ့တယ်" ဟု အမေရိကန်ရှေ့နေချုပ် Merrick Garland က ဝါရှင်တန်တွင် သတင်းထောက်များကို ပြောသည်။

"ဟာနန်ဒက်ဇ်က အမေရိကန်ကိုတင်ပို့မယ့် ကိုကင်းပို့ဆောင်မှုတွေကို အကာအကွယ်ပေးဖို့ တခြား အစိုးရအရာရှိတွေနဲ့ အနီးကပ် ပူးပေါင်းလုပ်ဆောင်ခဲ့တယ်" ဟုလည်း ၎င်းကဆိုသည်။



ဟာနန်ဒက်ဇ်မှာ အိုဘားမားနှင့် ထရန့် လက်ထက်က လူဝင်မှုကြီးကြပ်ရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် အမေရိကန်၏ အဓိက မဟာမိတ်တစ်ဦး ဖြစ်ခဲ့သော်လည်း အမေရိကန် အစိုးရရှေ့နေတွေက အသက် (၅၃) နှစ်အရွယ် ဟာနန်ဒက်ဇ်ကို ဟွန်ဒူးရပ်စ်၏ သွေးစွန်းသော မူးယစ်ဆေးဝါးကုန်သွယ်မှုနှင့် ဆက်စပ်ပြီး စုံစမ်းစစ်ဆေးနေကြောင်း ယမန်နှစ်အတွင်း တရားရုံးတွင် ထုတ်ဖော်ပြောခဲ့သည်။

ဂျိုးဘိုင်ဒန်ကလည်း ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် အမေရိကန်သမ္မတအဖြစ် စတင်တာဝန်ယူခဲ့ပြီးနောက်ပိုင်း ဗဟိုအမေရိကဒေသတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး အာရုံစိုက်ခဲ့သည်။



ဟာနန်ဒက်ဇ်၏ ညီဖြစ်သူ ဟွန်ဒူးရပ်စ် လွှတ်တော်အမတ်ဟောင်း တိုနီဟာနန်ဒက်ဇ်မှာ ၂၀၂၁ ခုနှစ် မတ်လအတွင်းက မူးယစ်ဆေးဝါးရောင်းဝယ်မှု စွဲချက်များဖြင့် အမေရိကန်တွင် ထောင်ဒဏ်တစ်သက် ချမှတ်ခံထားရပြီး ဖြစ်သည်။

သမ္မတဟောင်း ဟာနန်ဒက်ဇ်ကတော့ စွပ်စွဲချက်များကို ငြင်းဆိုထားပြီး ဖမ်းဆီးခံရသည့် မူးယစ်ဆေးဝါးရောင်းဝယ်သူတွေက ၎င်း၏အစိုးရကို လက်စားချေရန်နှင့် ၎င်းတို့၏ ပြစ်ဒဏ်များလျှော့နည်းစေရန် မမှန်မကန် ထွက်ဆိုကြခြင်းဖြစ်သည်ဟု ပြောခဲ့သည်။



ဟာနန်ဒက်ဇ်ကို ဧပြီ (၂၁) ရက် မွန်းလွဲပိုင်းက အမေရိကန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန Drug Enforcement Administration (DEA) လေယာဥ်ဖြင့် ဟွန်ဒူးရပ်စ်မြို့တော် Tegucigalpa မြို့ရှိ လေဆိပ်မှ ခေါ်ဆောင်သွားခဲ့ပြီး လာမည့် ရက်များအတွင်း နယူးယော့ခ်မြို့ မန်ဟန်တန်အရပ်ရှိ ပြည်ထောင်စုတရားရုံးတွင် ကနဦး ရုံးထုတ်သွားဖွယ်ရှိကြောင်း သိရသည်။



Source: Reuters

Photo: REUTERS/Jonathan Lazo