နီပေါနိုင်ငံတွင် မေလ (၂၉) ရက်နေ့က ပျောက်ဆုံးသွားခဲ့သည့် လေယာဥ်ငယ်မှာ ပျက်ကျခဲ့ခြင်းဖြစ်ပြီး လေယာဥ်ပျက်ကျရာနေရာမှ ရုပ်အလောင်း (၂၁) လောင်းကို ကယ်ဆယ်ရေးသမားတွေက ပြန်ရှာတွေ့ခဲ့ကြောင်း သိရသည်။
လူ (၂၂) ဦး လိုက်ပါသွားသည့် Tara Air လေကြောင်းလိုင်း လေယာဥ်၏ အပျက်အစီးများကို နီပေါမြောက်ပိုင်း Mustang ခရိုင်တွင် ပြန်ရှာတွေ့ခဲ့ခြင်းဖြစ်ပြီး အဆိုပါ လေယာဥ်မှာ ဟိမဝန္တာတောင်တန်း၏ တောင်စောင်းနေရာသို့ ပျက်ကျခဲ့ခြင်းဖြစ်သည်။
နီပေါစစ်သားများနှင့် ကယ်ဆယ်ရေးသမားများက အမြင့်ပေ (၁၄,၅၀၀) ဝန်းကျင်ရှိ မတ်စောက်သည့် တောင်းစောင်းတစ်ခုပေါ်တွင် ပြန့်ကျဲနေသော ရုပ်အလောင်း (၂၀) ကို ပြန်လည်ရယူခဲ့ကြောင်း သိရသည်။
နောက်ထပ် တွေ့ရှိထားသည့် ရုပ်အလောင်းတစ်ခုကိုလည်း ပြန်လည်ရယူရန် ကြိုးပမ်းနေကြကြောင်း အစိုးရတာဝန်ရှိသူတွေက မေလ (၃၀) ရက်နေ့တွင် ပြောခဲ့သည်။
လေယာဥ်ပျက်ကျရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန် အဖွဲ့ဝင် (၅) ဦးပါဝင်သည့် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းထားကြောင်းနှင့် နောင်အနာဂတ်အတွက် ကြိုတင်ကာကွယ်ရေး စီမံဆောင်ရွက်ချက်များ လုပ်ဆောင်ရန် တိုက်တွန်းထားကြောင်း နီပေါအာဏာပိုင်တွေက ဆိုသည်။
လေယာဥ်ပျက်ကျခဲ့သည့် နေရာတွင် တိမ်အလွန်ထူထပ်နေကြောင်း Mustang ခရိုင်မှ အကြီးတန်းအရာရှိ Netra Prasad Sharma က Reuters သတင်းဌာနကို ဖုန်းဖြင့်ဆက်သွယ်မှုအတွင်း ပြောခဲ့သည်။
သွားလာရေးခက်ခဲသည့် မြေပြင်အခြေအနေနှင့် ရာသီဥတုမကောင်းတာကြောင့် လေယာဥ်ရှာဖွေရေးသူများအတွက် နှောင့်နှေးမှုကြုံခဲ့ရသည်ဟု ဆိုသည်။
ပျက်ကျသွားသည့် လေယာဥ်ပေါ်တွင် လိုက်ပါသွားသူများအနက် အလောင်းမတွေ့ရသေးဘဲ ပျောက်ဆုံးနေသူကို ကယ်ဆယ်ရေးသမားတွေက ရှာဖွေနေဆဲဖြစ်ကြောင်း နီပေါနိုင်ငံ မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့ Civil Aviation Authority of Nepal (CAAN) ပြောခွင့်ရပုဂ္ဂိုလ် Deo Chandra Lal Karn က BBC သတင်းဌာနကို မေလ (၃၀) ရက်နေ့တွင် ပြောသည်။
ကနေဒါအခြေစိုက် လေယာဥ်ကုမ္ပဏီက ထုတ်လုပ်ထားသည့် De Havilland Canada DHC-6-300 Twin Otter အမျိုးအစား လေယာဥ်မှာ မေလ (၂၉) ရက် နံနက်ပိုင်းတွင် မိနစ် (၂၀) ကြာ ခရီးစဥ်အဖြစ် ပျံတက်သွားခဲ့ပြီးနောက် လေယာဥ်ဆင်းသက်ရန် (၅) မိနစ်အလိုတွင် အဆက်အသွယ်ပြတ်တောက်သွားခဲ့ခြင်း ဖြစ်သည်။
လေယာဥ်ပေါ်တွင် လေယာဥ်အမှုထမ်း (၃) ဦး အပါအဝင် အိန္ဒိယနိုင်ငံသား (၄) ဦး၊ ဂျာမန် (၂) ဦးနှင့် နီပေါနိုင်ငံသား (၁၆) ဦး လိုက်ပါသွားခဲ့ကြောင်း Tara Air လေကြောင်းလိုင်းက အတည်ပြုသည်။ လေယာဥ်မှာ နီပေါမြို့တော် ခတ္တမန္ဒူမြို့၏ အနောက်ဘက် မိုင် (၈၀) အကွာခန့်ရှိ ကမ္ဘာလှည့်ခရီးသွားများ လာရောက်လေ့ရှိရာ Pokhara မြို့မှ ပျံသန်းသွားခဲ့ခြင်း ဖြစ်သည်။
ထိုလေယာဥ်က Pokhara မြို့၏ အနောက်မြောက်ဘက် မိုင် (၅၀) ခန့်အကွာရှိ ကမ္ဘာလှည့်ခရီးသွားနှင့် ဘုရားဖူးများ လာရောက်ကြသည့် Jomsom မြို့သို့ ဦးတည်ပျံသန်းလာစဥ် ပျောက်ဆုံးသွားခဲ့သည်။
ကမ္ဘာ့အမြင့်ဆုံးတောင် (၁၄) ခုအနက် (၈) ခုရှိသည့် နီပေါနိုင်ငံတွင် လေယာဥ်မတော်တဆမှု မှတ်တမ်းများ ရှိထားသည်။ နီပေါ၏ ရာသီဥတုမှာ ရုတ်တရက် ပြောင်းလဲနိုင်ပြီး လေယာဥ်ကွင်းများမှာ များသောအားဖြင့် သွားလာရန်ခက်ခဲသည့် တောင်တန်းဒေသများတွင် တည်ရှိကြသည်။
၂၀၁၈ ခုနှစ် အစောပိုင်းက US-Bangla Airlines လေကြောင်းလိုင်း၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှ ခတ္တမန္ဒူမြို့သို့ လေကြောင်းခရီးစဥ် ပျံသန်းလာသည့် ခရီးသည်တင်လေယာဥ်မှာ လေဆိပ်တွင်ဆင်းသက်စဥ် မီလောင်မှုဖြစ်ပွားခဲ့ပြီး လိုက်ပါလာသူ (၇၁) ဦးအနက် (၅၁) ဦး သေဆုံးခဲ့သည်။
၁၉၉၂ ခုနှစ်ကလည်း Pakistan International Airlines လေကြောင်းလိုင်း၏ လေယာဥ်တစ်စီးမှာ ခတ္တမန္ဒူတွင် ဆင်းသက်ရန်ကြိုးပမ်းခဲ့စဥ် ပျက်ကျခဲ့ရာ လိုက်ပါလာသူ (၁၆၇) ဦးလုံး သေဆုံးခဲ့ကြောင်း သိရသည်။
Source: Reuters, BBC