အမေရိကန် အာရီဇိုးနားပြည်နယ်တွင် တောမီးလောင်မှုကြောင့် ဒေသခံ ၂,၀၀၀ ကျော် ထွက်ပြေးကြရ

အမေရိကန် အာရီဇိုးနားပြည်နယ်တွင် တောမီးလောင်မှုကြောင့် ဒေသခံ ၂,၀၀၀ ကျော် ထွက်ပြေးကြရ
By Mr John

အမေရိကန်နိုင်ငံ အာရီဇိုးနားပြည်နယ် အလယ်ပိုင်းတွင် လျင်မြန်စွာ ကူးစက်လောင်ကျွမ်းနေသည့် တောမီးလောင်မှုကို ငြှိမ်းသတ်နိုင်ရန် ကြိုးပမ်းနေသော မီးသတ်သမားများမှာ လေပြင်းတိုက်မှုနှင့် ပူပြင်းခြောက်သွေ့မှုတို့ကို ရင်ဆိုင်နေကြရသည်။

အာရီဇိုးနား တောမီးကြောင့် ထောင်နှင့်ချီသည့် ဒေသခံများ နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး အဆောက်အအုံ နှစ်ဒါဇင် မီးလောင်ပျက်စီးခဲ့ကြောင်း နှင့် Tunnel Fire ဟု အမည်ပေးထားသည့် ယခုတောမီးလောင်မှုမှာ Flagstaff မြို့၏ မြောက်ဘက် ဧက ၆,၀၀၀ ခန့်တွင် ဖြစ်ပွားနေပြီး အ‌ရှေ့မြောက်ဘက်သို့ လျင်မြန်စွာ ကူးစက်လောင်ကျွမ်းလာကြောင်း မီးသတ်ဌာန တာဝန်ရှိသူတွေက ဧပြီ (၁၉) ရက် နှောင်းပိုင်း သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

 

တောမီးလောင်မှုကြောင့် Coconino နယ်မြေရှိ နေအိမ် (၇၆၀) မှ ဒေသခံ ၂,၀၀၀ ကျော် မီးဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြရကြောင်း နယ်မြေကြီးကြပ်ရေးအဖွဲ့ အကြီးအကဲ Patrice Horstman က ပြောသည်။



တောမီးကြောင့် အဆောက်အအုံ (၂၄) လုံး မီးလောင်ပျက်စီးခဲ့ပြီး နောက်ထပ် ရာနှင့်ချီသည့် အဆောက်အအုံများလည်း တောမီးအန္တရာယ်ရှိနေကြောင်း တာဝန်ရှိသူတွေက ဆိုသည်။

တောမီးလောင်မှုကို ငြှိမ်းသတ်နိုင်ရန် ကြိုးပမ်းနေကြသည့် မီးသတ်သမား (၂၀၀) ခန့်မှာ ဧပြီ (၂၀) ရက်နှင့် (၂၁) ရက်တို့တွင် တစ်နာရီလျှင် မိုင် (၃၀) အထိ လေပြင်းတိုက်မှုနှင့် ပူပြင်းခြောက်သွေ့မှုကို ကြုံရမည်ဟု အမေရိကန် မိုးလေဝသဌာန National Weather Service က ပြောထားသည်။



"လေပြင်းတိုက်ခတ်မှုနဲ့ စိုထိုင်းမှုအခြေအနေ လျော့ကျပြီး ပူပြင်းခြောက်သွေ့မှုကြောင့် မီးလောင်မှုကို မထိန်းချုပ်နိုင်ခင် မီးအရွယ်အစားနဲ့ ပြင်းထန်မှု အလျင်အမြန် မြင့်တက်လာနိုင်တယ်" ဟု မိုးလေဝသဌာနက ဧပြီ (၂၁) ရက်အတွက် မီးလောင်မှု စောင့်ကြည့်အကြံပြုချက်တွင် ပြောခဲ့သည်။

အမေရိကန်၏ အခြား အနောက်တောင်ပိုင်း ပြည်နယ်များကဲ့သို့ပင် အာရီဇိုးနားပြည်နယ်တွင်လည်း ရာသီဥတုပြောင်းလဲမှု ဖြစ်ပေါ်ပြီး တောမီးရာသီကို စောစီးစွာ ကြုံနေကြရသည်။



ခြောက်သွေ့သည့် မြက်နှင့် ခြုံပုတ်များနှင့်အတူ ထင်းရှူးစေ့များက မီးလောင်မှုကို ပိုမိုအားကောင်းစေကြောင်း တာဝန်ရှိသူတွေက ဆိုသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း အမေရိကန်နိုင်ငံ နယူးမက္ကစီကိုပြည်နယ် Ruidoso ကျေးရွာတွင် တောမီးလောင်မှုကြောင့် သက်ကြီးရွယ်အို စုံတွဲတစ်တွဲ ၎င်းတို့၏ နေအိမ်အတွင်း သေဆုံးခဲ့ပြီး ရာနှင့်ချီသည့် နေအိမ်များ မီးလောင်ပျက်စီးကာ လူဦးရေ ထောင်နဲ့ချီ ထွက်ပြေးခဲ့ကြရသည်။



Source: Reuters 

Photo: Mark Henle/REUTERS ,  Arizona Daily Sun, THE ASSOCIATED PRESS, ANI,