တာချီလိတ်မြို့တွင် မြို့ကိုယ်စားပြု ဗဟိုသင်္ကြန်မဏ္ဍပ် မပြုလုပ်သော်လည်း စစ်ကောင်စီတပ်က တပ်တွင်း မဏ္ဍပ်ပြုလုပ်ပြီး လာပျော်ကြရန် လိုက်လံ ဖိတ်ကြား

တာချီလိတ်မြို့တွင် မြို့ကိုယ်စားပြု ဗဟိုသင်္ကြန်မဏ္ဍပ် မပြုလုပ်သော်လည်း စစ်ကောင်စီတပ်က တပ်တွင်း မဏ္ဍပ်ပြုလုပ်ပြီး လာပျော်ကြရန် လိုက်လံ ဖိတ်ကြား
ဧပြီ 12, 2022 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် မြို့ကိုယ်စားပြု ဗဟိုသင်္ကြန်မဏ္ဍပ် နှင့် ရပ်ကွက်မဏ္ဍပ် မရှိသော်လည်း အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်က တပ်နယ် သင်္ကြန်မဏ္ဍပ်ပြုလုပ်ကာ သင်္ကြန်ပွဲကျင်းပရန် စီစဉ်ထားပြီး လုပ်ငန်းရှင်များ အပါအဝင် တပ်နှင့် နီးစပ်သူများကို လာရောက် ပျော်ပါးကြရန် လိုက်လံ ဖိတ်ကြားနေကြောင်း သိရသည်။

တပ်နယ် သင်္ကြန်မဏ္ဍပ်အား တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်အပိုင်း၊ တာချီလိတ် - မယ်ယန်းသွားလမ်းဘေး အမှတ်(၃၅၉)ခြေမြန်တပ်ရင်း၏ နေရာအလွတ်တွင် ကျင်းပရန် စီစဉ်ထားပြီး သင်္ကြန်ပွဲတော်ဖွင့်ပွဲကို ၂၀၂၂ခုနှစ် ဧပြီလ(၁၃)ရက်နေ့ ညနေ(၃)နာရီခွဲအချိန်တွင် ပြုလုပ်ပြီး ပိတ်ပွဲကိုတော့ ဧပြီလ(၁၅)ရက်နေ့ ညနေ(၄)နာရီတွင် ပြုလုပ်မည်ဖြစ်ပြီး ဖောက်ခွဲမှုများ မဖြစ်ပေါ်ရန်အတွက် လုံခြုံရေးများလည်း စီမံထားသည့်ဟု သတင်းရင်းမြစ်များထံက သိရသည်။

တာချီလိတ်မြို့တွင် Covid-19 ကာလကတည်းက စတင်ပြီး သင်္ကြန်ပွဲကို ဗဟိုမဏ္ဍပ်အပါအဝင် ရပ်ကွက်အလိုက် မဏ္ဍပ်များ ပြုလုပ်ပြီး မကျင်းပသော်လည်း ပြီးခဲ့သည့် ၂၀၂၁ခုနှစ် အာဏာစသိမ်းသည့် ကာလက တာချီလိတ်တပ်နယ်က သင်္ကြန်မဏ္ဍပ်ပြုလုပ်ပြီး လုပ်ငန်းရှင်များ နှင့် ဖိတ်ကြားခံရသူများ၊ ကြံ့ဖွံ့ပါတီဝင်များ၊ စစ်ကောင်စီတပ်သားများသာ ဆင်နွှဲခဲ့ကြသည်ဟု သိရသည်။

ယခုနှစ်တွင် လုံခြုံရေးအရ မိမိအစီအစဉ်ဖြင့် လုံခြုံရေး ချထားနိုင်ပါက သင်္ကြန်မဏ္ဍပ်ပြုလုပ်ခွင့်ရှိသည်ဟု ဆိုသော်လည်း မြို့ထဲတွင် မဏ္ဍပ်မရှိဟု သိရသည်။