နော်ဝေနိုင်ငံ ဖော်လန်တွင် ကျင်းပမည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ်ပွဲသို့ NUG ကိုယ်စားလှယ်အဖွဲ့  တက်ရောက်ရန် ဖိတ်ကြား

Photo: NUG
Photo: NUG
နော်ဝေနိုင်ငံ ဖော်လန်တွင် ကျင်းပမည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ်ပွဲသို့ NUG ကိုယ်စားလှယ်အဖွဲ့  တက်ရောက်ရန် ဖိတ်ကြား

နော်ဝေနိုင်ငံ၊ ဖော်လန်  မြို့တော်ဝန်နှင့် ပန်းခြံကော်မတီအဖွဲ့က ပြုလုပ်မည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် NUG ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ရန် မတ်လ(၂၅)ရက်နေ့က လာရောက်ဖိတ်ကြားကြောင်း သိရသည်။

ဖော်လန်မြို့တော်ဝန်နှင့် ပန်းခြံကော်မတီအဖွဲ့က အမျိုးသားညီညွတ်ရေးအစိုးရ၏ နော်ဝေနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးသို့း လာရောက်၍ ကိုယ်စားလှယ် ဦးမောင်မောင်မြင့်အား တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

မြန်မာပြည်သူတို့က ရွေးကောက်တင်မြှောက်ခဲ့သည့် ပြည်သူ့အစိုးရအား နော်ဝေနိုင်ငံအနေဖြင့် ဆက်လက်အားပေးထောက်ခံနေကြောင်းပြသရန်နှင့် ဇွန်လ(၁၉)ရက်နေ့တွင်ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ်ပွဲသို့ နော်ဝေနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖွဲ့အား တက်ရောက်စေလိုကြောင်း လာရောက်ဖိတ်ကြားခြင်းဖြစ်သည်။

အဆိုပါအဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည်ပန်းခြံ တည်ထောင်ပြီးစ ၂၀၁၆ ခုနှစ်မှစ၍ နော်ဝေနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ ကိုယ်တိုင်  ကိုယ်ကျ လာရောက်တွေ့ဆုံသည့် အစဉ်အလာ ရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီး ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၂၅)ရက်နေ့တွင်လည်း မြန်မာသံရုံးသို့လာရောက်၍ သံအမတ်ကြီး ဒေါ်မော်မော်နှင့် တွေ့ဆုံကာ၊ မြန်မာသံအဖွဲ့အနေဖြင့် မြန်မာပြည်သူတို့၏ ဆန္ဒနှင့်အညီ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် ရွေးကောက်ခံအစိုးရကိုသာ သစ္စာစောင့်သိပါရန် မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။

သို့ရာတွင် ထိုမေတ္တာရပ်ခံချက်သည် အချည်းနှီးဖြစ်ခဲ့ရသဖြင့် စစ်ကောင်စီအား ကိုယ်စားပြုသည့် မြန်မာသံရုံးနှင့် အဆက်အဆံ မပြုတော့ဘဲ၊ မြန်မာပြည်သူတို့အား ကိုယ်စားပြုသော အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုယ်စားလှယ်ရုံးကိုသာ အသိအမှတ်ပြုသည့်အနေဖြင့် ယခုကဲ့သို့ လာရောက် ဖိတ်ကြားခြင်းဖြစ်ကြောင်း သိရသည်။