ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း စစ်ဖက်ဆိုင်ရာ အမှုအခင်းများပေါ်ပေါက်ပါက စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင်ထံတိုင်ကြားကြရန် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့တွင် ထုတ်ပြန်သည်ကို တွေ့ရသည်။
လူ့အခွင့်အရေးချိုးဖေါက်နေသည့် စစ်အာဏာရှင်စနစ်ကို တွန်းလှန်နေသည့် ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း စစ်ဖက်နှင့်ပတ်သက်သော အမှုအခင်းများပေါ်ပေါက်ပါက စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင်သို့ တိုင်ကြားရန် [email protected] မှ ဆက်သွယ်သတင်းပေးပို့တိုင်ကြားနိုင်ကြောင်း သိရသည်။
အဆိုပါကော်မရှင်က အမှုအခင်းဖြစ်ပွားသော ဒေသများတွင် လိုအပ်ပါက ခရိုင်အဆင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်များ ဖွဲ့စည်း တာဝန်ပေးအပ်သွားမည်ဖြစ်ပြီး ပြစ်မှုကျူးလွန်သူများအား စစ်ဖက်တရားစီရင်မှုစနစ်အရလည်းကောင်း၊ အရပ်ဖက်တရားစီရင်မှုစနစ်အရလည်းကောင်း အရေးယူဆောင်ရွက်သွားမည်ဟုလည်း သတင်းထုတ်ပြန်ထားသည်။
ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ပေါ်ပေါက်သော စစ်ဖက်ဆိုင်ရာ အမှုအခင်းများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန်၊ နစ်နာသူများ တရားမျှတမှုရှိစေရန်နှင့် ဥပဒေစိုးမိုးရေး ဖော်ဆောင်ရန် ရည်ရွယ်လျက် "စစ်ရေးပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဗဟိုကော်မရှင်"ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်နေ့က ပြုလုပ်သည့် ကာကွယ်ရေးဝန်ကြီးဌာန၏ (၃၆) ကြိမ်မြောက် အစည်းအဝေးတွင် ဆုံးဖြတ်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကော်မရှင်ကို ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ဦးဆောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယခုအခါ အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ CDM တရားရေးဝန်ထမ်းများ၊ ဥပဒေကျွမ်းကျင်ပညာရှင်များဖြင့် တိုးချဲ့ပါဝင်ဖွဲ့စည်းကာ တိုင်ကြားလာသော အမှုအခင်းများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးလျက် ရှိသည်ဟု သတင်းထုတ်ပြန်ထားသည်။