မန္တလေးတွင် မီးပွိုင့်၌  အုပ်စုဖွဲ့ပြီး ဖမ်းဆီးစစ်ဆေးနေသည့် အဖွဲ့ကို ဗုံးခွဲတိုက်ခိုက်ရာမှ ရဲမှူး အပါအဝင် (၁၀)ဦး ဒဏ်ရာရ

မန္တလေးတွင် မီးပွိုင့်၌  အုပ်စုဖွဲ့ပြီး ဖမ်းဆီးစစ်ဆေးနေသည့် အဖွဲ့ကို ဗုံးခွဲတိုက်ခိုက်ရာမှ ရဲမှူး အပါအဝင် (၁၀)ဦး ဒဏ်ရာရ
ဖေဖော်ဝါရီ 23, 2022 | အခြားဒေသများ

မန္တ​လေးခရိုင်အတွင်း ပြည်ကြီးတံခွန်မြို့နယ် ရတနာပုံတက္ကသိုလ်လမ်းခွဲ မီးပွိုင့်တွင် ယာဉ်သွား၊ ယာဉ်လာများအား ဖမ်းဆီးစစ်ဆေးနေသည့်အဖွဲ့ကို ဗုံးခွဲတိုက်ခိုက်ရာမှ မြို့နယ်ရဲမှူး အပါအဝင် စုစုပေါင်း(၁၀)ဦး ဒဏ်ရာရရှိကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၊ တောင်မြင့်ရပ်ကွက်၊ ရန်ကုန် - မန္တလေး ကားလမ်း၊ သခင်ဖိုးလှကြီးလမ်းနှင့် ရတနာပုံမီးပွိုင့် လမ်းဆုံတွင် ယနေ့ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၂၃)ရက်နေ့ ညနေ(၄)နာရီ မခွဲမီအချိန်က စစ်ဆေးရေးပြုလုပ်နေသည့် အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်ခံ မြို့နယ်ရဲမှူးနှင့် အဖွဲ့ကို   Guerilla Force of Mandalay (GRA)က ဗုံးခွဲတိုက်ခိုက်လိုက်ခြင်း ဖြစ်ကြောင်း  သိရသည်။

ဗုံးပေါက်ကွဲမှုကြောင့်  မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်မောင်လင်း၊ ရဲအုပ် အိအိလှိုင်၊ ဒုရဲအုပ် ကိုကိုဖြိုး၊ တပ်သား(ရဲမေ)သီရိလွင်၊ ရဲဒုတပ်ကြပ် မျိုးတင့်ကြည်၊ မီးတပ်တပ်ဖွဲ့မှ တပ်ကြပ်ကြီးစိုးလင်းအောင်၊ မြို့နယ်ထွေအုပ် ယာဉ်မောင်း ထွန်းထွန်းလင်း နှင့် အရင်သား(၃)ဦး ဒဏ်ရာရရှိသည်ဟု သိရသည်။

ကျွန်တော်တို့၏ mission များဆက်လက် တည်တံ့အောင်မြင်နိုင်ဖို့ မိဘပြည်သူများဘက်မှ တတ်နိုင်တဲ့ အင်အားလေးကနေ ပါဝင်ဖို့ လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

ဟု Guerilla Force of Mandalay က ပြည်သူများအား တောင်းဆိုထားသည်။

Guerilla Force Of Mandalay(GRA) သည် မန္တလေမြို့ပေါ် UG အဖွဲ့ တစ်ဖွဲ့ဖြစ်ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ကျဆုံးရေးအတွက်ပြည်သူများ၏ ပံ့ပိုးကူညီမှုသည် အရေးကြီးပြီး အဓိက ဖြစ်သည်ဟုလည်း အသိပေးထားသည်ကို တွေ့ရသည်။